နွားထိုးကြီး ပြင်စည်ရွာကျောင်းထဲက စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်၊ လေးယောက် သေဟုဆို၊

နွားထိုးကြီး ပြင်စည်ရွာကျောင်းထဲက စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်၊ လေးယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၃

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ စာသင်ကျောင်းထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတဲ့ စစ်အုပ်စု မနေ့က ညနေပိုင်းက လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်။

“အသိုက်ကို ဖျက်ရင် အသက်ကို ပြန်ယူမယ့် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် မနေ့က စက်တင်ဘာ(၂)ရက် ညနေ(၆)နာရီကျော်မှာ ပြင်စည်ရွာ အထက်တန်းကျောင်းထဲ ရှိနေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မနေ့က ညပိုင်း ထင်တိုင်းကျဲ သောင်းကျန်း ရမ်းကားနေလို့ ဒေသခံပြည်သူတွေ အိမ်အပြင်တောင် မထွက်ရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ပြင်စည် အထက ဝင်းထဲက ခွေးတွေ အပစ်ခံရပြီးတော့ ခွေးတွေက တစ်ရွာလုံးကို လှည့်ပတ်ပြီး စိန်ခေါ်တယ်။ မဲမဲမြင်ရာ အကုန်လိုက်ပစ်တယ်။ ရွာသူရွာသားတွေ အိမ်ထဲက မထွက်ရဲကြဘူး။ မန္တလေး - မြင်းခြံလမ်းကိုလည်း ခွေးတွေက ပိတ်ထားပြီး ပစ်ခတ်တာတွေ၊ ဆဲဆို တာတွေ လုပ်နေတယ်” လို့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဘက်ကတော့ ပြင်စည်ရွာ စာသင်ကျောင်းထဲ စီးနင်းဝင်ရောက် ပစ်ခတ်ခံရတာ မဟုတ်ဘဲ ဒရုန်းနဲ့ ဗုံးထုခံရတာလို့ သတင်းဖြန့်ပါတယ်။

နွားထိုးကြီးမြိုနယ် အထက(ပြင်စည်)ကျောင်းထဲ ရှိနေတဲ့ စစ်အုပ်စုကို PDFအဖွဲက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ ကျောင်းဝင်၊ထွက် မုခ်ဦးရှေ့ကို နှစ်လုံး၊ လမ်းတစ်ဘက်ခြမ်းမှာ နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လမ်းမပေါ် ဖြတ်သန်းမောင်းနှင်နေတဲ့ သုံးဘီးဆိုင်ကယ် ထိမှန်ခဲ့ကာ ညောင်ပင်ရွာက အသက်(၅၀)ကျော်အရွယ် သုံးဘီးယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာတွေ ရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #ပြင်စည်ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ