မန္တလေးမှာ မန်းစည်ပင် ဦးစီးအရာရှိ၊ မြို့နယ် သန့်ရှင်းရေးတာဝန်ခံ ပစ်ခတ် ရှင်းလင်းခံရ၊

မန္တလေးမှာ မန်းစည်ပင် ဦးစီးအရာရှိ၊ မြို့နယ် သန့်ရှင်းရေးတာဝန်ခံ ပစ်ခတ် ရှင်းလင်းခံရ၊

MFP ၊ ဩဂုတ် - ၂၂

မန္တလေးမြို့အထွက်၊ လက်ကောင်းရွာအနီး မေမြို့လမ်းပေါ်မှာ ဒီနေ့ နေ့လည်ပိုင်းက မန္တလေးမြို့ှုတော် စည်ပင်သာယာရေးကော်မတီ၊ ချမ်းမြသာစည်မြို့နယ် သန့်ရှင်းရေးတာဝန်ခံ၊ ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်း ဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

ဒီနေ့ သြဂုတ်(၂၂)ရက် နေ့လည်(၃)နာရီက မန္တလေးမြို့အထွက်၊ ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာအနီး မန္တလေး - မေမြို့လမ်း၊ ရွှေစင်ကျောင်းတိုက်ရှေ့မှာ ရှိနေတဲ့ မန္တလေး စည်ပင်ဝန်ထမ်းတွေကို ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးက သေနတ်နဲ့ တစ်ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် မန္တလေးစည်ပင်၊ ချမ်းမြသာစည်မြို့နယ် သန့်ရှင်းရေးဌာန တာဝန်ခံ၊ ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်း ဆိုသူ ရင်ဘတ်သေနတ်မှန် ဒဏ်ရာရပြီး ဆေးရုံပို့ချိန် သေဆုံးတာလို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“သန့်ရှင်းရေး ခေါင်းပေါင်း ခေါ်တာ။ တာဝန်ခံပေါ့။ အောင်ကျော်ဆန်း (မန်းတက္ကသိုလ်) ဆိုပြီး စည်ပင်သတင်းစာမှာ စာတွေ ဘာတွေလည်း ရေးတယ်ထင်တယ်။ တရားဝင် ရာထူးကတော့ စည်ပင် ဦးစီးအရာရှိပေါ့” လို့ နီးစပ်သူ တစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေး စည်ပင်က နေရာကောင်း၊ ရာထူးကောင်းတွေကို စစ်တပ်ထွက်တွေက နေရာယူထားပြီး ဦးအောင်ကျော်ဆန်း အနေနဲ့ စစ်တပ်ထွက် ဟုတ်၊ မဟုတ်ကိုတော့ MFP အနေနဲ့ အတည်မပြုနိုင်သေးသလို သူ့ကို ဘယ်သူက ဘာကြောင့် ပစ်ခတ်ရှင်းလင်းတယ် ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။

အဲ့ဒီ ဖြစ်စဉ်နောက်ပိုင်း စစ်အုပ်စု (၂၀)လောက်က ကားလမ်းပိတ်ဆို့ကာ လမ်းသွားလမ်းလာတွေကို ရန်ပြု သောင်းကျန်း စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေး စည်ပင်ခေါ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြိုကပေါ်မှာ CDM မှာ ပါဝင်မှု အနည်းဆုံး ဌာနတွေထဲက တစ်ခု ဖြစ်ပါတယ်။

မန္တလေးစည်ပင် ဝန်ထမ်းတွေဟာ စစ်အုပ်စုနှင့် ပေါင်းကာ မန္တလေးမြို့ခံတွေကို ထင်တိုင်းကျဲ ဖိနှိပ်သောင်းကျန်းနေပြီး စည်ပင်ရဲ့ အောက်ခြေအဆင့် သန့်ရှင်းရေး ဝန်ထမ်းနှင့် ဈေးကောက်တွေကအစ ဈေးသည်တွေအပေါ် ထင်တိုင်းကျဲ အနိုင်ကျင့်စော်ကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုကလည်း မန္တလေးစည်ပင် ကော်မတီဝင်နှင့် ရာထူးကြီးနေရာတွေအတွက် ယခင် အစိုးရတွေ လက်ထက်က လဘ်စားလို့ ရာထူးက အဖြုတ်ခံရတဲ့ သူတွေ အပါအဝင် အဂတိလိုက်စားမှုနဲ့ နာမည်ဆိုးကျော်ကြားသူတွေ၊ စစ်တပ်က ထွက်လာတဲ့သူတွေ နေရာပေး ခန့်အပ်ထားတာ ဖြစ်ပါတယ်။

မန္တလေး - မေမြို့ လမ်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ မန္တလေးစည်ပင် ဦးစီးအရာရှိ၊ ချမ်းမြသာစည်မြို့နယ် သန့်ရှင်းရေး တာဝန်ခံ ဦးအောင်ကျော်ဆန်း/Photo - ပေးပို့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန်းစည်ပင် #စည်ပင်ဝန်ထမ်း #သန့်ရှင်းရေး #ဦးစီးအရာရှိ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ