မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေး အကျဉ်းသားတစ်ဦး ဆေးကုသခွင့် မရလို့ အသက်ဆုံးရှုံး၊ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ်နေပြီး မိတ္ထီလာထောင်မှာလည်း နိုင်/ကျဉ်းတစ်ဦး ဆေးကုခွင့် မရလို့ ဆုံးပါးခဲ့၊

မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေး အကျဉ်းသားတစ်ဦး ဆေးကုသခွင့် မရလို့ အသက်ဆုံးရှုံး၊ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ်နေပြီး မိတ္ထီလာထောင်မှာလည်း နိုင်/ကျဉ်းတစ်ဦး ဆေးကုခွင့် မရလို့ ဆုံးပါးခဲ့၊

MFP ၊ စက်တင်ဘာ - ၃၀

မန္တလေးမြို့ အိုးဘို အကျဉ်းထောင်မှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦး ပြီးခဲ့တဲ့ စက်တင်ဘာ(၁၇)ရက်က ဆေးကုသခွင့် မရတဲ့အတွက် ဆုံးပါးခဲ့တယ်လို့ အိုးဘိုထောင်အတွင်းကနေ ပြင်ပကို ပေါက်ကြားလာတဲ့ စစ်အုပ်စုရဲ့ ထောင်တွင်းဖိနှိပ်မှုတွေ အကြောင်း ရေးသားထားတဲ့ စာတစ်စောင်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ(၁၇)ရက် ည(၇)နာရီက မန္တလေး အိုးဘိုထောင်၊ အိပ်ဆောင် (၃)၊ အခန်း (၆) က နိုင်ငံရေး အကျဉ်းသား တစ်ဦး အရေးပေါ် ဆေးဝါး ကုသဖို့ လိုအပ်တာကြောင့် တာဝန်ကျ အကျဉ်းဦးစီး ဝန်ထမ်းတွေကို အသိပေး အကြောင်းကြားခဲ့ပေးမယ့် ထောင်ဝန်ထမ်းတွေက ဆေးကုသမှု မလုပ်ဆောင်ပေးတဲ့အတွက် ည(၁၀:၄၅)နာရီမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆေးဝါးကုသခွင့် မရလို့ အသက်ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

“မိမိတို့ နိုင်ငံရေး အကျဉ်းသားများအား ဖိနှိပ်မှုများ ရှိနေခြင်း၊ အပြစ်ရှာ တိုက်ပိတ်ခြင်း၊ ကျမ်းမာရေး စောင့်ရှောက်မှုများ ကောင်းစွာ မရရှိခြင်း၊ ထောင်ပိုင်ကြီး (ခေါ်) အကျဉ်းဦးစီးဋ္ဌာန အကြီးအကဲမှ မိမိတို့ ယုံကြည်မှုများကို လှောင်ပြောင် ပြောဆိုခြင်းများ အတွက် ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း ယခုစာနှင့်အတူ အကျဉ်းဦးစီးဋ္ဌာနအား မိမိတို့ နိုင်ငံရေး အကျဉ်းသား/သူ များမှ အသိပေးလိုက်ပါသည် “ လို့ မန္တလေးအိုးဘိုထောင်ကနေ ပေါက်ကြားလာတဲ့ စာမှာ ဖော်ပြထားပါတယ်။

ဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးသွားတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးအိုးဘိုထောင်က စစ်ကောင်စီ သစ္စာခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေနဲ့ အကျဉ်းဦးစီးဌာနကို နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ အခြား အကျဉ်းသားတွေကပါ ပြင်းထန်စွာ ဝေဖန်ရှုတ်ချတယ်လို့်လည်း ထောင်ထဲက ပေးပို့တဲ့ စာမှာ ဖော်ပြ ထားပါတယ်။မန္တလေး အိုးဘိုထောင်မှာ သာမက မြင်းခြံနှင့် မိတ္ထီလာ ထောင်တွေမှာလည်း စစ်အုပ်စုက နိုင်ငံရေးအမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ်နေပြီး သေလုမျောပါး ညှဉ်းပန်းတာတွေ၊ အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ ရှိနေတယ်လို့ နိုင်/ကျဉ်းတွေနဲ့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ(၁၅)ရက်ကလည်း မိတ္ထီလာထောင်မှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချ ခံထားရတဲ့ သာစည်မြို့နယ်က CDM မီးရထားဝန်ထမ်း အသက် (၂၂) နှစ်အရွယ် ကိုဇော်လပြည့်(ခ) ဇွန်လပြည့်ဟာ အကျဉ်းထောင်အတွင်း နာမကျန်း ဖြစ်ခဲ့ပေမယ့် အချိန်မီ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရခဲ့တာကြောင့် စက်တင်ဘာ (၁၈) ရက်မှာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်ခဲ့တယ်လို့ နီးစပ်သူတွေဆီက ပြောပါတယ်။

ဒါ့အပြင် မြင်းခြံထောင်မှာလည်း စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ထင်တိုင်းကျဲ ဖိနှိပ်နေပြီး ကျန်းမာရေးမကောင်းတဲ့ နိုင်ကျဉ်းတွေ ဆေးကုသခွင့်ရဖို့ ခက်ခဲတာ၊ အသက် (၆၀) ကျော်အရွယ် အမျိုးသမီးတွေ အပါအဝင် နိုင်ကျဉ်းတွေကိုပါ အတင်းအကျပ် အလုပ်စေခိုင်းတာတွေ ရှိနေတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မုံရွာထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်အုပ်စုက နေ့စဉ် ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေပြီး မုံရွာ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း ကိုဇင်မင်းထက်ဟာ မြင်းခြံထောင်က စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတွေရဲ့ ရိုက်နှက် ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် သတိလစ်မေ့မြောနေတယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက စက်တင်ဘာ (၂၀) ရက်မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေး အိုးဘိုထောင်ကနေ ပေါက်ကြားလာတဲ့ စာ /Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးအိုးဘိုထောင် #နိုင်ကျဉ်း #ဆေးကုသ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ