မန္တလေးမှာ အိမ်တွေဖျက်ဆီးဖို့လာတဲ့ လူမိုက်အဖွဲ့ကို ပြန်ခုခံတဲ့ပြည်သူတွေကို ဘက်ဟိုးဖျက်ဆီးမှုနဲ့ အမှုဖွင့်

မန္တလေးမှာ အိမ်တွေဖျက်ဆီးဖို့လာတဲ့ လူမိုက်အဖွဲ့ကို ပြန်ခုခံတဲ့ပြည်သူတွေကို ဘက်ဟိုးဖျက်ဆီးမှုနဲ့ အမှုဖွင့်

MFP ၊ စက်တင်ဘာ - ၁

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်ထဲမှာ ပြည်သူတွေနေအိမ်ဖျက်ဆီးဖို့ကြိုးပမ်းတဲ့ ဘက်ဟိုး မီးရှို့ဖျက်ဆီးခံရတဲ့အတွက် မီးရှို့သူတွေကို အရေးယူပေးဖို့ ကုမ္ပဏီဘက်က ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၃၀)ရက် မွန်းလွဲပိုင်းမှာ ၁၃၁ လမ်းတောင်ဘက်၊ ၄၉ လမ်းနဲ့ လမ်း ၅၀ ကြား၊ ဇီးအုပ်ကွက်သစ် (ဋ) ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် အပါအဝင် ပျူစောထီး အမည်ခံ ရပ်ကွက်လူမိုက် အယောက် (၃၀)လောက်က လာရောက်ဖျက်ဆီးကြတာဖြစ်ပြီး လူမိုက်တွေက ပြည်သူတွေကို ဝိုင်းဝန်းရိုက်နှက်လာတဲ့အတွက် နေအိမ်ဖျက်ဆီးခံရတဲ့ပြည်သူတွေက ပြန်လည်ခုခံရာမှာ လူမိုက်တွေ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဘက်ဟိုးကလည်း ပြည်သူတွေကို ရမ်းကားတိုက်ခိုက်ခဲ့ပြီး လူမိုက်တွေထွက်ပြေးသွားပြီးနောက် ကျန်ရစ်တဲ့ ဘက်ဟိုးမောင်းသူနှစ်ယောက်ကို ပြည်သူတွေက ဖမ်းဆီးကာ ဘက်ဟိုးကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ဘက်ဟိုးမောင်းသူတွေကိုတော့ ပြည်သူတွေက ဘာမှမလုပ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတို့က ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကို ကုမ္ပဏီဘက်က ရဲစခန်းကို အမှုဖွင့်တိုင်ကြားရာမှာတော့ ကုမ္ပဏီမြေတူးစက်(ဘက်ဟိုး)နဲ့ လှိုင်းကျင်းတူးဖော်နေစဉ် အမည်မသိ လူ (၂၀)ဦးခန့်က လေးခွ၊ တုတ်၊ ဓားတွေနဲ့ ရောက်ရှိလာပြီး ညစ်ညမ်းစွာ ဆဲဆိုနေတာကြောင့် ဘက်ဟိုးကို လမ်းပေါ်မှာ ရပ်တန့်ထားစဉ် မီးရှို့ခံရတာလို့ တိုင်ကြားထားပါတယ်။

မီးရှို့ဖျက်ဆီးတာနဲ့ ညစ်ညမ်းစွာ ဆဲဆိုခံရတယ်ဆိုပြီး ကုမ္ပဏီတာဝန်ရှိသူက ပြည်သူတွေကို အမှုဖွင့်အရေးယူပေးဖို့အတွက် ပြည်ကြီးတံခွန်မြို့နယ် စက်မှုရဲစခန်းမှာ ပုဒ်မ ၂၃၇/၂၉၄/၃၂၅/၄၃၂/၁၁၄ တို့နဲ့ တိုင်ကြားထားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #ရပ်ကွက်လူမိုက် #ပြည်သူကပြန်ခုခံ #ဘက်ဟိုးမီးရှို့ #ကုမ္ပဏီကအမှုဖွင့်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ