လက်နက်သွားဝယ်ပြီး ပြန်လာတဲ့ FEA တပ်ပေါင်းစု ရဲဘော်လေးဦး မန္တလေးမှာ ပျောက်ဆုံးနေ

လက်နက်သွားဝယ်ပြီး ပြန်လာတဲ့ FEA တပ်ပေါင်းစု ရဲဘော်လေးဦး မန္တလေးမှာ ပျောက်ဆုံးနေ

MFP ၊ ဩဂုတ် - ၁၇

ရှမ်းပြည်နယ် နောင်ချိုဘက်ကို လက်နက်သွားဝယ်ပြီး ပြန်လာတဲ့ FEA တပ်ပေါင်းစုအဖွဲ့က ရဲဘော် မန်းမိုးကြိုး အပါအဝင် လေးဦးဟာ မန္တလေးမြို့ကို ပြန်အဝင် မနေ့က ညနေပိုင်းမှာ လက်နက်တွေနဲ့တကွ ပျောက်ဆုံးနေတယ်လို့ အဲဒီတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

No photo description available.

No photo description available.

FEA ဆိုတာ နိုင်ငံရေးအကျဉ်းသားများကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Anonymous Force Mandalay (AFM)၊ Emerald Grils Army (EGA) သုံးခုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပြီးတော့ ဝက်လက်အခြေစိုက် ဒို့ညီနောင် Local PDF အတွက် ဩဂုတ်လ (၄)ရက်နေ့မှာ လက်နက်တွေ သွားဝယ်တာဖြစ်တယ်လို့ ဒို့ညီနောင် အဖွဲ့ဝင်၊ Anonymous Force Mandalay (AFM) ခေါင်းဆောင် ဗိုလ် Tiger က MFP ကို ပြောပါတယ်။

“ Ak47 တစ်လက်နဲ့ ကျည် ၂၀၀ ရယ်၊ အတိုနှစ်လက်ရယ်ဝယ်ပြီး မန်းလေးရောက်မှ အဆက်အသွယ်ပြတ်နေတာဗျ “ လို့ သူက ဆိုပါတယ်။

မန်းမိုးကြိုး(ခ) ကျော်လင်း(ခ) ကျော်လေးနဲ့ အခြားသုံးဦး ပျောက်ဆုံးနေတာဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့သူတွေ သတိထားရှောင်ရှားကြဖို့လည်း FEA တပ်ပေါင်းစုက သတိပေးထားပါတယ်။

သူတို့ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးမှုခံထားရတာဆိုရင် ဆုံးရှုံးမှု အရမ်းကြီးမားတယ်လို့လည်း ဗိုလ် Tiger က ဆိုပါတယ်။

“ ဝက်လက်မှာ စစ်ကြောင်းထိုးလို့ ငွေမလောက်တာတောင် နွားလေးရောင်းပြီး ဝယ်ထားရတာဗျ၊ မန်းလေးရောက်ပြီးမှ အဆက်အသွယ်ပြတ်နေတော့ သူတို့လည်း အားပျက်နေကြတယ် “ လို့ ဗိုလ် Tiger က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၃)ရက် ညနေပိုင်းမှာလည်း မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ထဲမှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ လူငယ်လေးဦးကို KIA သင်တန်းဆင်းဆိုပြီး စစ်အုပ်စုက ဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် မနေ့ ဩဂုတ်လ (၁၆)ရက်မှာလည်း ၅၄ လမ်း၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြားမှာ လူငယ်နှစ်ဦးကို စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးသွားပြီး ဘယ်သူတွေလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နိုင်ငံရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ #FEAတပ်ပေါင်းစု #မန်းမိုးကြိုး #ပျောက်ဆုံးနေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ