မန္တလေးမြို့က ရထားလမ်းဘေး အိမ်တွေကို စစ်အုပ်စုက လိုက်လံဖျက်ဆီးနေ၊

မန္တလေးမြို့က ရထားလမ်းဘေး အိမ်တွေကို စစ်အုပ်စုက လိုက်လံဖျက်ဆီးနေ၊

MFP ၊ နိုဝင်ဘာ - ၁၀

မန္တလေးမြို့ပေါ်က ရထားသံလမ်းဘေး နေအိမ်တွေ အပါအဝင် မြို့နယ်အချို့က နေအိမ်တွေကို ကျူးကျော်ဆိုပြီး စစ်အုပ်စုက အင်အားသုံး ဖျက်ဆီးနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးစ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း မန္တလေးမြို့အနှံ့က နေအိမ်တွေကို ကျူးကျော်ဆိုပြီး လိုက်လံဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုဟာ လက်ရှိမှာလည်း အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်ထဲက နေအိမ်တွေကို လာရောက် တိုင်းတာနေပြီး အိမ်ပိုင်ရှင်တွေကို ဖျက်ခိုင်းနေတယ်လို့ ဆိုပါတယ်။

“ သံလမ်းရဲ့ဘေး ပေ(၅၀)စီလို့ ပြောတယ်၊ မနေ့က လာတာ။ ရပ်ကွက်ထဲကို စခတွေ ကားအများကြီးပဲ၊ လမ်းတွေမှာ လက်နက်တွေ ကိုင်ပြီးတော့ စောင့်ပြီး လာပြောတာ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၁၂)လမ်းအနီး သူရဲစျေးဘူတာက စပြီးတော့ သံလမ်းတစ်လျှောက်ကို ဖျက်ခိုင်းတာလို့ ဆိုပြီး အဲဒီ သံလမ်းဟာ မန္တလေးနဲ့ မတ္တရာသွားတဲ့ ရထားသံလမ်းဖြစ်ပြီး နှစ်စဉ် တောင်ပြုံးပွဲတော် ရာသီချိန်ရောက်မှသာ အသုံးပြုတဲ့ သံလမ်းလို့လည်း ဒေသခံတို့က ဆိုပါတယ်။

“မနှစ်ကလည်း ဘေးရပ်ကွက်ဘက်က သံလမ်းဘေးက အိမ်တွေကို ဖျက်ခိုင်းပြီးပြီ၊ သံလမ်းနဲ့ ပေ (၅၀)အကျော်က နေအိမ်တွေကိုပါ ဖျက်ပေးဖို့ပြောတာ၊ တစ်ချို့ကတော့ မဖျက်ဘူး၊ အခုတော့ ဘယ်လိုလာမလဲ မသိသေးဘူး “ လို့ အဲဒီဒေသခံက ဆက်ပြောပြပါတယ်။

ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ်ထဲက မန္တလေး-လားရှိုး ရထားသံလမ်းဘေးက နေအိမ်တွေကိုလည်း ရထားလမ်း နယ်နိမိတ်နဲ့ မလွတ်ကင်းလို့ ဖျက်သိမ်းပေးဖို့အတွက် မြို့နယ်ထွေအုပ်က တစ်ဆင့် နိုဝင်ဘာ (၈) ရက်ကတည်းက အကြောင်းကြားစာ ပေးပို့ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့မှာတော့ မနက်မိုးလင်းကတည်းက မြရည်နန္ဒာ အိမ်ရာအနီးတဝိုက်က နေအိမ်တွေကို လက်နက်ကိုင် စကစတွေ ပါဝင်တဲ့ အဖွဲ့က ဖျက်ခိုင်းနေပြီး လမ်းထိပ်တွေမှာ စောင့်နေကာ ကားတွေ ဆိုင်ကယ်တွေကို ပြန်လှည့်ခိုင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့နှစ် ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်ထဲက နေအိမ်တွေကိုလည်း ကျူးကျော်ဆိုပြီး ဘူဒိုဇာတွေနဲ့ ဖြိုချဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့လို့ အိမ်ခြေ (၁၀၀) ဝန်းကျင်ခန့် ပျက်စီးခဲ့ပါတယ်။

မန္တလေးမြို့သစ်က တချို့ ရပ်ကွက်တွေမှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ သူဌေးဆိုသူတွေက စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ၊ ပျူတွေနှင့် စည်ပင်တွေကို ငွေပေးငှာရမ်းပြီး အိမ်ဖျက်ခိုင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း မန္တလေးမြို့သစ်က နေအိမ်တွေကို စစ်အုပ်စုက ဖျက်ဆီးနေစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရထားသံလမ်း #ကျူးကျော် #နေအိမ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ