ယင်းမာပင် ရွှေလှံရွာကို စစ်အုပ်စု စီးနင်းသတ်ဖြတ်မှု ကနဦး (၁၀)လောင်းတွေ့၊ စစ်အုပ်စုက ရွာကို မီးရှို့ပြီး ရဟတ်ယာဉ်တွေနဲ့ ပြန်ထွက်သွား၊

ယင်းမာပင် ရွှေလှံရွာကို စစ်အုပ်စု စီးနင်းသတ်ဖြတ်မှု ကနဦး (၁၀)လောင်းတွေ့၊ စစ်အုပ်စုက ရွာကို မီးရှို့ပြီး ရဟတ်ယာဉ်တွေနဲ့ ပြန်ထွက်သွား၊

MFP ၊ အောက်တိုဘာ - ၂၁

စစ်ကိုင်းတိုင်း ယင်းမာပင်နယ် ရွှေလှံရွာကို ဒီမနက်(၅)နာရီကျော်က စတင်ပြီး စစ်အုပ်စုက စီးနင်းပစ်ခတ် သတ်ဖြတ်ရာ ကနဦးအနေနဲ့ မီးရှို့ခံထားရတဲ့ အလောင်း (၁၀)လောင်း တွေ့ရတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

"ယနေ့ အောက်တိုဘာ(၂၁)ရက် နံနက်ခင်းတွင် ရင်ပေါင်တိုင်ကျေးရွာတွင် တပ်စွဲခဲ့သော အကြမ်းဖက်စစ်တပ်က ရွှေလှံကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၀)ဦးကိုသတ်ဖြတ်ခဲ့ကာ ည​ေ နပိုင်းတွင် နေအိမ်များထဲတွင် မီးရှို့ခဲ့" လို့ ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

အလောင်းတွေကို ဆိုင်ကယ်တွေနှင့်အတူ မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ရှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ(၁၉)ရက် ကတည်းက စစ်အုပ်စုက ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်က ရင်ပေါင်တိုင်၊ ပုထိုးသာနှင့် ပျားအိုရွာတွေထဲ ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းဝင်မွှေ သောင်းကျန်သတ်ဖြတ်နေတာ ဖြစ်ပြီး ဒီမနက်ပိုင်းမှာ ရင်ပေါင်တိုင်ရွာက တဆင့် ရွှေလှံရွာထဲ စီးနင်းသတ်ဖြတ်တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ရွှေလှံရွာထဲက PDF တပ်ဖွဲ့ဝင်တွေ ညအိပ်တည်းခိုလေ့ရှိတဲ့ နေအိမ် အပါအဝင် တစ်ရွာလုံးကို စီးနင်းပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ယင်းမာပင်နယ် Young Rangers Force - YRF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖီးနစ်က MFP ကို ပြောပါတယ်။

ရွှေလှံရွာထဲ စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၁၀)ဦးနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ရွှေလှံရွာထဲ စီးနင်းသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ပြီးနောက် စစ်အုပ်စုကို ရဟတ်ယာဉ်တွေနဲ့ ပြန်လာခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မနေ့က အောက်တိုဘာ(၂၀)ရက်မှာလည်း ပုလဲမြို့နယ် ဇီးဖြူကုန်းရွာအနီးမှာ PDF ရဲဘော်နှစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပါသေးတယ်။

ရင်ပေါင်တိုင်ရွာကနေ ပုထိုးသာရွာဘက် ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာကနေ ရဲဘော်တွေ လွတ်မြောက်ဖို့ ကာပစ်ပေးရင်း ယင်းမာပင် ဗိုသူရိန် တပ်ဖွဲ့က ခေါင်းဆောင် ဗိုလ်စက္ကနှင့် ရဲဘော်တစ်ဦးတို့ ဖမ်းဆီးခံရပြီး ကျဆုံးတာလို့ ဗိုလ်သူရိန် ယင်းမာပင် PDF က ဖော်ပြပါတယ်။

"ထိုဖြစ်စဉ်တွင် ခေါင်းဆောင် ဗိုလ်စက္က နှင့် ရဲဘော်များ ခွေးများဖြင့် ထိပ်တိုက်တွေ့ပြီး လက်အောက်ငယ်သားများ လွတ်မြောက်ရေးအတွက် ကာပစ် ပေးခဲ့ရာ ခေါင်းဆောင် ဗိုလ်စက္ကနှင့် တပည့်တစ်ဦး တော်လှန်ရေးအမည် 760 တို့ကို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ခေါင်းဆောင် ဗိုလ်စက္က နှင် တပည့်ဖြစ်သူတို့ နှစ်ဦးလုံးကို ခေါင်းဖြတ်၊ ဗိုက်ကိုခွဲ၊ အူများအပြင်ထွက်။ တပည့် ရဲဘော် အလောင်းနှင့် ခေါင်းဆောင် အလောင်းကို ထပ်ထားခဲ့သည်။ အလောင်းကို ခက်ခဲစွာ ပြန်ကောက်ခဲ့သည်။ ထိုသို့ ပြည်သူနှင့် သူ၏ ရဲဘော်များအတွက် တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်ခဲ့သောဗိုလ်စက္က နှင့် ရဲဘော် 760 အား ကျွန်တော်တို့ ဗိုလ်သူရိန်တပ်ရင်း အဖွဲ့သားအားလုံး က လေးလေးနက်နက် အလေးပြုပါတယ်" လို့ ဗိုလ်သူရိန် ယင်းမာပင် PDF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၁၉)ရက်ကလည်း ပျားအိုရွာကို ပစ်ခတ်စီးနင်းချိန်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အဘွားအိုတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

အောက်တိုဘာ(၁၉)ရက်က စတင်ပြီး ယင်းမာပင်နှင့် ပုလဲမြို့နယ် နယ်အစပ်က ရင်ပေါင်တိုင်၊ ပျားအိုနဲ့ ပုထိုးသား ရွြတွေထဲ ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းပစ်ခတ် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ အဲ့ဒီ ကျေးရွာ သုံးရွာက ဒေသခံပြည်သူ အများအပြားကိုလည်း ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးထားပါတယ်။

ရင်ပေါင်တိုင်ရွာထဲ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူတွေထဲက အနည်းဆုံး (၁၆)ဦးကို သတ်ပြီးပြီလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပေမယ့် ရင်ပေါင်တိုင်ရွာအတွင်း ဒေသခံ ဘယ်နှဦး ဖမ်းဆီးခံရပြီး ဘယ်နှဦး အသတ်ခံထားရတယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်လော်ဘီတွေကတော့ ရင်ပေါင်တိုင်ရွာ စာသင်ကျောင်း ပုန်းခိုနေတဲ့ PDF (၁၇)ယောက်ကို အရှင်ဖမ်းမိပြီး (၁၆)ယောက်ကို အသေမိတယ်လို့ သတင်းဖြန့်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ရင်ပေါင်တိုင် #ပျားအို #ရွှေလှံ #PDF #ပြည်သူ #ကိုယ်ဝန်ဆောင် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ