မတ္တရာ ရေလည်ကျွန်းက စစ်ပြေးပြည်သူတွေ စားသောက်နေထိုင်ရေး အကူအညီ လိုအပ်နေ၊

မတ္တရာ ရေလည်ကျွန်းက စစ်ပြေးပြည်သူတွေ စားသောက်နေထိုင်ရေး အကူအညီ လိုအပ်နေ၊

MFP ၊ စက်တင်ဘာ - ၂၇

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်းက ရေလည်ကျွန်းကျေးရွာကို စစ်အုပ်စုက ဝင်မွှေလုယက်ကာ တွေ့သမျှပြည်သူကို ဖမ်းဆီး သ-တ်-ဖြတ်နေတာကြောင့် ဒေသခံတွေ ရွာမှာမနေဝံ့ဘဲ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အခက်တွေ့နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ္တရာနယ် ရေလယ်ကျွန်း ကျေးရွာကို စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့တာ နှစ်ကြိမ် ရှိပြီဖြစ်ပြီး ဒေသခံပြည်သူ နှစ်ဦးကို သ-တ်-ဖြတ်ခဲ့သလို ဒေသခံလေးဦးကို ဖမ်းဆီးသွားတာလည်း ပြန်မလွှတ်သေးကြောင်း၊ လက်ရှိမှာ စစ်အုပ်စုက ရေလည်ကျွန်းရွာထဲ အထိုင်ချထားတာ မရှိပေမယ့် မကြာခဏ ဝင်မွှေသောင်းကျန်းနေပြီး တွေ့သမျှ ပြည်သူကို ပစ်ခတ်သတ်-ဖြတ် ဖမ်းဆီးနေတာကြောင့် ဒေသခံတွေ ရွာမှာ မနေဝံ့ဘဲ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စစ်ပြေးနေရတဲ့ ရေလည်ကျွန်းရွာက ပြည်သူ (၂၀၀)ခန့်အတွက် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ လက်အောက်ခံ၊ မတ္တရာနယ် ကောင်းကင် တော်လှန်ရေး အင်းအားစုက ယာယီတဲတွေ ထိုးပေးထားပေမယ့် စားသောက်ရေးနှင့် ကျန်းမာရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“လောလောဆယ် စစ်ရှောင်စခန်းမှာ လူကြီး (၁၂၀)၊ ကလေး (၆၅)ဦး ရှိပါတယ်။ စားဝတ်နေရေး ကျန်းမာရေး လိုအပ်နေပါတယ်။ ရွာထဲကို မနေရဲကြတော့ တရွာလုံး ထွက်ပြေးနေကြရပါတယ်။ ရွာကထွက်သွားတဲ့ သူတွေလည်း မန္တလေးမှာ လိုက်ဖမ်းလို့ အခု စစ်ရှောင်စခန်းရောက်နေကြပြီ” လို့ ကောင်းကင် တော်လှန်ရေး အင်းအားစုက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက ရေလည်ကျွန်းရွာထဲ စစ်အုပ်စုက ငါးရက်ဆက် ဝင်မွှေလုယက် သောင်းကျန်းခဲ့ရာမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ရန်ပြု သောင်းကျန်းနေတာကြောင့် ပြည်သူတွေ ရွာမှာ မနေဝံ့တော့တာလို့ ဆိုပါတယ်။

ရေလည်ကျွန်းရွာ အပါအဝင် မတ္တရာနယ်က ဒေသခံပြည်သူတွေကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းပြီး ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူ လုယက်နေတဲ့ စစ်အုပ်စုဟာ မန္တလေး နန်းတွင်းထဲက စစ်အုပ်စုနှင့် ပုသိမ်ကြီးက စစ်အုပ်စုတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရေလည်ကျွန်း #ပြည်သူ #စစ်ပြေး #ကောင်းကင် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ