MFP ၊ စက်တင်ဘာ - ၂၃
မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ (၆၉) လမ်းနဲ့ (၃၆) လမ်းထောင့်က မန္တလေး စည်ပင် အိမ်ရာဝင်းအတွင်းမှာ ဒီနေ့ညနေပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုက ရမ်းကားသောင်းကျန်း ပစ်ခတ်နေသလို လမ်းပိတ်ဆို့ကာ လာသမျှလူ ဆဲဆိုရန်ပြုနေတယ်လို့ ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာ (၂၃)ရက် ညနေ (၄)နာရီခွဲကျော်က စည်ပင် အိမ်ရာဝင်းထဲက စစ်အုပ်စု တပ်စွဲထားတဲ့နေရာအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စကစတွေက သေနတ်တွေနဲ့ လမ်းသွားလမ်းလာတွေကို ရမ်းသမ်းပစ်ခတ်တယ်လို့ ဆိုပါတယ်။
“ ဗုံးကွဲပြီးတဲ့နောက် ချက်ချင်းပဲ သေနတ်ပစ်သံတွေက ထွက်လာတယ်၊ ဗုံးကွဲတာကြောင့် ရဲခွေးနှစ်ကောင် ထိသွားတယ်လို့တော့ ကြားရတယ်၊ သေချာတော့ မသိရသေးဘူး၊ အခု လမ်းတွေ ပိတ်ထားတယ် “ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီအိမ်ရာဝင်းဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မကြာခဏ ဗုံးထုတိုက်ခိုက်ခံရတဲ့နေရာဖြစ်ပြီး စကစ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ဗုံးထုတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဗုံးထုခံရတဲ့အတွက် အိမ်ရာတည်ရှိတဲ့ မဟာမြိုင်ရပ်ကွက်ကို ဧည့်စာရင်း ဝင်စစ်ဆေးနိုင်တယ်လို့ မြို့ခံတွေက သတိပေးထားပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မန္တလေး စည်ပင်အိမ်ယာ (ပုံဟောင်း)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စည်ပင်အိမ်ရာ #ဗုံးပေါက်