မန္တလေး လမ်း (၃၀) ပစ်ခတ်မှု ဘယ်လိုမှားယွင်းခဲ့သလဲ

မန္တလေး လမ်း (၃၀) ပစ်ခတ်မှု ဘယ်လိုမှားယွင်းခဲ့သလဲ

MFP ၊ ဩဂုတ် - ၂၃

မန္တလေးမြို့မှာ ဒီနေ့မနက် လမ်း (၃၀) ပစ်ခတ်မှုမှာ သေဆုံးသွားသူအမျိုးသားဟာ CID ရဲမှူးမဟုတ်ဘဲ ဆိုင်ကယ်တူ၊ အမျိုးအစားတူ မှားယွင်းပစ်ခတ်ခံရတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

လမ်း ၃၀ နဲ့ ၅၇ လမ်းအနီးက ယူနီတီ ကိုယ်ပိုင်ကျောင်းမှာ ကလေးကျောင်းပို့ပြီး ပြန်လာတဲ့ ဆိုင်ကယ်စီးလင်မယားနှစ်ယောက်ကို နောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကာ ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

“ လုပ်တာက ရဲကိုလုပ်တာ၊ အခင်းဖြစ်နေရာ ရဲဖြတ်သွားတယ်၊ တစ်ခေါက်ပြန်လှည့်ချိန် အခုသေသွားသူတွေ ဖြစ်သွားတယ်၊ ရဲစီးတဲ့ဆိုင်ကယ်နဲ့ သေဆုံးသူတွေစီးတဲ့ ဆိုင်ကယ် အမျိုးအစား အရောင် အတူတူပဲ၊ TVS ဆိုင်ကယ် တဲ့ “ လို့ ဖြစ်စဉ်ကို သိရှိသူတွေက MFP ကို ဆက်သွယ်ပြောဆိုပါတယ်။

သေဆုံးသူတွေဟာ ဗောဓိကုန်းဘက်မှာ နေထိုင်ပြီး ဦးစည်သူကိုကိုဟာ ကိုစည် ဆိုတဲ့နာမည်နဲ့ အထည်တွေကို အွန်လိုင်းမှာ ရောင်းချသူဖြစ်ကာ အမျိုးသမီးဖြစ်သူ မနှင်းဝေဝေလှိုင်က ဟိုတယ်မှာ အလုပ်လုပ်သူလို့ မိသားစုနဲ့ နီးစပ်သူဆီက သိရပါတယ်။

သူတို့ရဲ့ရုပ်အလောင်းတွေကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံကတစ်ဆင့် နေအိမ်ကို သယ်ဆောင်သွားပြီလို့လည်း ဆိုပါတယ်။

ဦးစည်သူကိုကိုဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မိဘတွေဘက်က နာရေးပြုလုပ်ဖို့ ခေါ်သွားကာ မနှင်းဝေဝေလှိုင်ကတော့ ခရစ်ယာန်ဘာသာဝင်ဖြစ်တာမို့ မနက်ဖြန်မှာ ခရစ်ယာန်လို သင်္ဂြိုလ်မယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။

နာရေးကိုလည်း ကားတန်းနဲ့ လိုက်ပါပို့ဆောင်တာ မလုပ်ရဘဲ နာရေးပို့သူတွေ ခရစ်ယာန်သင်္ချိုင်းမှာ စောင့်ဆိုင်းရမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုကြောင်းလည်း ထပ်မံ သိရပါတယ်။

သေဆုံးသူတွေမှာ အသက် (၈)နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လမ်း၃၀ပစ်ခတ်မှု #မှားယွင်းပစ်ခတ်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ