စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုက ခိုးရာပါ ပစ္စည်းတွေ ဈေးလျှော့ရောင်းပြီး ဝင်ငွေရှာ၊ ယခင်က လက်သိပ်ထိုး ရောင်းရာက “ပြည်သူ သက်သာချောင်ချိရေး” ခေါင်းစဉ်နဲ့ မြို့အနှံ့ ပေါ်တင် လိုက်ရောင်း နေဟုဆို၊

စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုက ခိုးရာပါ ပစ္စည်းတွေ ဈေးလျှော့ရောင်းပြီး ဝင်ငွေရှာ၊ ယခင်က လက်သိပ်ထိုး ရောင်းရာက “ပြည်သူ သက်သာချောင်ချိရေး” ခေါင်းစဉ်နဲ့ မြို့အနှံ့ ပေါ်တင် လိုက်ရောင်း နေဟုဆို၊

MFP ၊ စက်တင်ဘာ - ၂၂

စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ ခိုးယူ လုယက်ထားတဲ့ ခိုးရာပါ ပစ္စည်းတွေကို စစ်အုပ်စုက လျှော့ဈေးနဲ့ ရောင်းချကာ ငွေဖော်နေတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

လွန်ခဲ့တဲ့ လတွေအတွင်း ခိုးရာပါ ဖုန်းနှင့် အိမ်ထောင် ပရိဘောဂ ပစ္စည်းတွေကို စစ်အုက်စုက နီးစပ်ရာ အချင်းချင်း လက်သိပ်ထိုး ရောင်းချခဲ့ရာက ယခုအခါ ခိုးရာပါ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်းသုံ ပစ္စည်းတွေကို “ပြည်သူတွေ သက်သာချောင်ချိရေး ဈေးရောင်းပွဲ” ခေါင်းစဉ်တပ်ကာ စစ်ကိုင်းတိုင်း မြို့ပေါ် ရပ်ကွက်တွေမှာ ပေါ်ပေါ်တင်တင် လိုက်လံရောင်းချနေတာလို့ ဆန်၊စါးတွေ ခိုးယူလုယက် ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းက ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၆)ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာ စစ်အုပ်စုက ခိုးရာပါ ပစ္စည်းတွေကို အပြင် ပေါက်ဈေးထက် သက်သာတဲ့နှုန်းတဲ့ ဈေးလျှော့ ရောင်းချခဲ့ပြီး ဒေသခံတွေကလည်း ဝယ်ယူတာတွေ ရှိခဲ့တယ်လို့ ဒီပဲယင်း ဒေသခံတွေက ပြောပါတယ်။

“စခများသည် ဒီပဲယင်းဘဏ်ရုံးရှေ့တွင် ပြည်သူများဆီမှ ခိုးထား၊ လုထားသော ခိုးရာပါ ပစ္စည်းများအား (ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန် - လေးမျိုး (၃၀၀၀)ဖြင့်) ရောင်းချခဲ့ပါသည်။ ဒီပဲယင်း ထွေအုပ်ရုံးက တာဝန်ယူပြီး ရောင်းချတာ ဖြစ်ပါတယ်” လို့ ဒီပဲယင်း ဒေသခံ တစ်ဦးက MFP ကို သတင်းပေးပို့ပါတယ်။

စစ်အုပ်စုက ဆန် တစ်ပြည်၊ ဆီ (၁၀)ကျပ်သား၊ အာလူး (၂၅)ကျပ်သားနှင့် ကြက်သွန် (၂၅)ကျပ်သား၊ လေးမျိုးပေါင်း ကျပ်(၃၀၀၀)နှင့် ရောင်းချပြီး အပြင်ဈေးကွက် ပေါက်ဈေးအရ အဲ့ဒီ ပစ္စည်းလေးမျိုးပေါင်း ဆိုလျှင် ကျပ်(၄၅၀၀)ဝန်းကျင် ဈေးရှိတာကြောင့် သုံးပုံတစ်ပုံ ဈေးလျှော့ရောင်းတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ဒီကောင်တွေ (စကစ)က ရွာတစ်ရွာ ဝင်မွှေပြီ ဆိုတာနဲ့ မီးမရှို့ခင် လမ်းမတန်းနဲ့ အနီးဆုံး အိမ်တွေက ဆန်တွေ၊ ဆီတွေကအစ ပရိဘောဂ အဆုံး ရသမျှ ပစ္စည်း ကားနဲ့ တိုက်ပြီး သယ်သွားတာ။ တစ်ရွာလုံးက ပြေးနေရတော့ သူတို့က ရသမျှ ပစ္စည်း သယ်ပြီးမှ ရွာကို မီးရှို့တာ” လို့ စစ်အုပ်စုရဲ့ ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးမှုကြောင့် ရွှေဘိုဘေးကြားစပါး တင်း(၅၀)ကျော် ဆုံးရှုံးခဲ့ရတဲ့ ရွှေဘိုနယ်က တောင်သူတစ်ဦးက MFP ကို ပြောပါတယ်။

လက်ရှိ စစ်အုပ်စုက မြို့အနှံ့ လှည့်ပြီး ဈေးလျှော့ရောင်းတဲ့ ဆန်တွေကတော့ ခိုးရာပါ ဆန်တွေလောက် အရည်အသွေး မကောင်းဘဲ ဆန်ကောင်းနဲ့ ဆန်ညံ့၊ ပဲဆီနှင့် စားဆီ လဲလှယ်ပြီးမှ ရောင်းချတာ ဖြစ်နိုင်တယ်လို့ ဒီပဲယင်းနယ် ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုကတော့ ခိုးရာပါ ပစ္စည်းတွေ ဈေးလျှော့ရောင်းပြီး ငွေဖော်နေတာကို ဖုံးကွယ်ကာ ပြည်သူတွေ သက်သာချောင်ချိရေးအတွက် စားသုံးကုန်ပစ္စည်းတွေ လိုက်လံ ရောင်းချပေးတာလို့ သတင်းဖြန့်ထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖောက်ထွင်းခိုးယူ၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး စစ်ကိုင်းတိုင်း (၃၇)မြို့နယ်အနက် (၃၁)မြို့နယ်မှာ လုယက်၊ မီးရှို့၊ ဖောက်ထွင်းခိုးယူတာတွေ ကျူးလွန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းက မြို့တွေမှာ စစ်အုပ်စုက ခိုးရာပါ ပစ္စည်းတွေ ဈေးလျှော့ ရောင်းနေစဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #အိမ် #မီးရှို့ #ခိုးရာပါပစ္စည်း #ဈေးရောင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ