MFP ၊ စက်တင်ဘာ - ၂၂
မန္တလေးမြို့ သမိုင်းမှာ အဂတိ အကင်းဆုံး မြို့တော်ဝန်အဖြစ် အများပြည်သူက ယုံကြည်လက်ခံထားတဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီး ထောင်ချထားပြီးနောက် လွတ်ရက်နီးကပ်လာချိန်မှာ အဂတိလိုက်စားမှုနဲ့ ထပ်တိုး တရားစွဲလိုက်တယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုက မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ကတည်းက ဖမ်းဆီးကာ ထောင် နှစ်နှစ် ချမှတ်ထားတာ ဖြစ်ပြီး ရက်ပြည့်ကာ ထောင်က လွတ်ခါနီးချိန်မှာ အခုလို အဂတိလိုက်စားတယ်လို့ စွပ်စွဲပြီး အမှုအသစ်နဲ့ ထပ်မံ တရားစွဲတာလို့ နီးစပ်သူတွေက ပြောပါတယ်။
“ဆရာကြီးက မန်းစည်ပင် သမိုင်းမှာ အဂတိအကင်းဆုံး မြို့တော်ဝန်ကြီးပါ၊ မြို့တော်ကို တိုးတက်ဖွံ့ဖြိုးဖို့ အမြဲ လုပ်ဆောင်ခဲ့သူ၊ ဒီလိုလူကို အဂတိမှုနဲ့ တရားစွဲတယ်ဆိုတာ ဟာသတစ်ခု ကြားလိုက်ရသလိုပဲ၊ ထူးတော့ မထူးဆန်းပါဘူး၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်လို လူမျိုးကိုတောင် စွဲချင်တဲ့ ပုဒ်မနဲ့ စွဲသေးတာပဲ၊ အခုဟာကတော့ လွတ်ရက်နီးချိန် တမင်ညစ်ပြီး ထပ်စွဲတာ “ လို့ ဒေါက်တာရဲလွင်နဲ့ နီးစပ်သူတစ်ယောက်က MFP ကို ပြောပါတယ်။
ထောင်ဒဏ် ကျခံနေရတဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်းမှာ အဂတိလိုက်စားမှုနဲ့ ထပ်မံ တရားစွဲထားတာလို့ သတင်းကြားရပေမယ့် အမှုက တရားရုံး ရောက်မလာသေးလို့ ဘာကို စွပ်စွဲပြီး ဘယ်ပုဒ်မနဲ့ တရားစွဲတယ်ဆိုတာ အသေးစိတ် မသိရသေးဘူးလို့ မန္တလေးရှေ့နေ အသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။
မန္တလေးမြို့ကို ခေတ်မီလှပတဲ့ Smart City ဖြစ်အောင် ဦးဆောင်နိုင်ခဲ့သလို အဂတိလိုက်စားတဲ့ စည်ပင်ဝန်ထမ်းတွေကို အရေးယူပြီး မန္တလေးစည်ပင်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်ကို အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲကာ ၂၀၂၁ ဒီဇင်ဘာ (၈) ရက်မှာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက်(၇၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒေါက်တာရဲလွင်ကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ(၁)ရက်မှာ အခြားသော မန္တလေးတိုင်း အစိုးရ အဖွဲ့ဝင်တွေနဲ့အတူ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ NLD ပါတီဝင် မဟုတ်တဲ့ ဒေါက်တာရဲလွင်ကို စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မြို့တော်ဝန်ရာထူးက နှုတ်ထွက်သွားတဲ့ ဒေါက်တာရဲလွင်ကို စစ်အုပ်စုက ဖေဖော်ဝါရီ(၈)ရက်မှာ ပြန်လည် ဖမ်းဆီးပြီး ဒေါက်တာရဲလွင်ရဲ့ ဖေ့ဘွတ်ပရိုဖိုင်မှာ လက်သုံးချောင်း ထောင်တဲ့ပုံ တင်တာဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းတာလို့ စွပ်စွဲကာ ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲ ထောင်ချထားတာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ သာမက အထက်မြန်မာပြည်တခွင် နာမည်ကျော် မျက်စိ အထူးကု ဆရာဝန်ကြီး ဖြစ်တဲ့ ဒေါက်တာရဲလွင်ဟာ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း မန္တလေးမြို့တခွင် သာယာလှပရေး လမ်းမီးတိုင်တွေ တပ်ဆင်တဲ့ရာမှာ မိသားစုပိုင် ငွေကြေးတွေ စိုက်ထုတ် လှူဒါန်းခဲ့သလို မြို့ သာယာလှပရေးအတွက် ကိုယ်ပိုင်ငွေကြေးတွေ စိုက်ထုတ်လှူဒါန်းခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာရဲလွင် လက်ထက် မန္တလေးစည်ပင်က အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေကို အရေးယူရာမှာ စစ်တပ်ထွက် စည်ပင်ဝန်ထမ်း အများအပြား အရေးယူခံခဲ့ရပြီး လက်ရှိမှာ စစ်အုပ်စုက အဂတိလိုက်စားလို့ စည်ပင်က အလုပ်ပြုတ်ခဲ့တဲ့ တပ်ထွက်တွေကို မန္တလေး စည်ပင်မှာ ရာထူးပေးပြီး အလုပ်ပြန်ခန့် ထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးမြို့တော်ဝန် #ဒေါက်တာရဲလွင်
ထောင်လွတ်ရက် နီးလာတဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်အုပ်စုက အဂတိမှုနဲ့ တရား ထပ်စွဲ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024