ကောလင်း ညောင်လှရွာထဲ ပိတ်မိနေတဲ့ ဒေသခံ ၁၀၀ ကျော်ကို ပ.က.ဖ ကယ်ထုတ်၊ ထိတွေ့ တိုက်ပွဲဖြစ်ပြီး ပကဖ ရဲဘော်တစ်ဦး စနိုက်ဘာကျည် ထိကာ ကျဆုံး၊

ကောလင်း ညောင်လှရွာထဲ ပိတ်မိနေတဲ့ ဒေသခံ ၁၀၀ ကျော်ကို ပ.က.ဖ ကယ်ထုတ်၊ ထိတွေ့ တိုက်ပွဲဖြစ်ပြီး ပကဖ ရဲဘော်တစ်ဦး စနိုက်ဘာကျည် ထိကာ ကျဆုံး၊

MFP၊ သြဂုတ် - ၃၀

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ညောင်လှရွာဘက် စစ်အုပ်စု ဝင်မွှေလုယက် သောင်းကျန်းချိန် ရွာထဲက ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ ဒေသခံပြည်သူ (၁၀၀)ကျော်ကို ဒီကနေ့ သွားရောက် ကယ်ထုတ်နိုင်ခဲ့တယ်လို ကောင်လင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က MFP ကို ပြောပါတယ်။

ကောလင်းနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ အင်အား(၇၀)ကျော်ပါ စစ်အုပ်စုဟာ မနေ့က သြဂုတ်(၂၉)ရက် မနက်ပိုင်းကတည်းက ညောင်လှရွာဘက် ဦးတည်လာပြီး မနေ့က ညနေပိုင်းမှာ ရဟတ်ယာဉ်နှစ်စင်းနဲ့ နောက်ထပ် အင်အား (၅၀)လောက် ထပ်ချကာ ညောင်လှရွာထဲ ဝင်မွှေလုယက် သောင်းကျန်းဖို့ ကြိုးစားနေချိန် ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ခဲ့ရတာလို့ ဆိုပါတယ်။

ညောင်လှရွာထဲ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ၊ စုစုပေါင်း လူ(၁၀၀)ကျော် ပိတ်မိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ စစ်အုပ်စုက ညောင်လှရွာ အပြင်ဘက်ကနေ ဝိုင်းထားချိန် ကောလင်း ပကဖ က ဒေသခံတွေကို သွားရောက်ကယ်ထုတ်ခဲ့ပီး နေ့လယ် (၁၂)လောက်မှာ ပြည်သူအားလုံးကို ကယ်ထုတ်နိုင်လိုက်တယ်လို့ ကောလင်း ပကဖ က ဗိုလ်ဒေါင်းနီက ပြောပါတယ်။

ပြည်သူတွေကို ကယ်ထုတ်နေချိန် ညောင်လှရွာ အပြင်ဘက်မှာ ရှိနေတဲ့ စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲတွေဘက်ကလည်း (၆၀)မမအပါ အဝင် လက်နက်ကြီးတွေနဲ့ နာရီဝက်ကျော်ကြာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို ဆိုပါတယ်။

"ထိတွေ့မှုဖြစ်တယ်။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အခါမှာ ကျနော်တို ကောလင်း ရင်း (၂) က တပ်သား ရဲဘော်မျိုးကို ဆိုတဲ့ကလေး ခေါင်းမှာ စနိုက်ဘာ ထိပြီး ကျဆုံးခဲ့ပါတယ်။ စခတွေဘက်က ထိခိုက်သေဆုံး အခြေအနေကိုတော့ အနီးကပ် တိုက်ပွဲမဟုတ်လို့ မသိရသေးပါဘူး" လို့ ဗိုလ်ဒေါင်းနီက ရှင်းပြပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုဟာ ညောင်လှရွာပြင်ကနေ အရှေ့ဘက်အတိုင်း ဂွေးချိုရွာနှင့် ရွှေတွင်းရွာတွေဘက် ဦးတည်ထွက်ခွာသွားပြီး ဘယ်ရွာတွေ ဆက်မွှေသောင်းကျန်းမယ်ဆိုတာ မရသေးဘူးလို ကောလင်း ပကဖ က ဆိုပါတယ်။

စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့နေသလို ကျေးရွာတွေနှင့် ဒေသခံပြည်သူတွေကို ပစ်မှတ်ထားကာ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနှင့် ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ သုံးမြိုနယ်ရှိ ကျေးရွာ (၃၀)ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော် စစ်ပြေးနေရပြီး စားသောက်နေထိုင်ရေး အရေးပေါ် အကူအညိတွေ လိုအပ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကောလင်း ပကဖ ရဲဘော်တချို့/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကောလင်း #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ