ရန်ကုန်နှင့် မန္တလေး စည်ပင်က စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတွေကို NUG က အမည်ပျက် စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်၊

ရန်ကုန်နှင့် မန္တလေး စည်ပင်က စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတွေကို NUG က အမည်ပျက် စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်၊

MFP၊ စက်တင်ဘာ - ၂

ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွေ အပါအဝင် စည်ပင်သာယာ ဌာနတွေမှာ စစ်ကောင်စီ သစ္စာခံဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်နေတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ကနေ ဦးစီးအရာရှိအဆင့်ထိ ဝန်ထမ်းတွေ အားလုံးကို အမည်ပျက် စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန် ကြေညာ ပါတယ်။

"ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတိုတွင် စစ်ကောင်စီဝင်များ ခေါင်းထောင်နေသည့် အဓိကအချက်မှာ မြိုတော်စည်ပင် ဝန်ထမ်းများက စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက် နေခြင်းများကြောင့် ဖြစ်ခြင်း စသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသောကြောင့် အဆိုပါ “ရန်ကုန်နှင့် မန္တလေးမြိုတော် စည်ပင်သာယာရေး ကော်မတီ ဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာ ရှိအဆင့်ထိ Non-CDM ဝန်ထမ်းများ အားလုံး”အား အမည်ပျက် စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်သည်" လို့ NUG က ကြေညာပါတယ်။

စည်ပင်သာယာဌာနက ဒုညွှန်ချုပ်အဆင့်ကနေ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းတွေဟာ ပြည်သူအပေါ် သစ္စာစောင့်သိမှု မရှိဘဲ စစ်ကောင်စီ အလိုကျ လုပ်ကိုင်နေတာ၊ စစ်ကောင်စီ လက်နက်ကိုင်တွေရဲ့ လုံခြုံရေးအတွက် ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ စည်ပင်ဘတ်ဂျက်တွေနဲ့ လုံခြုံရေး ဘန်ကာ အဆောက်အဦတွေ အခိုင်အမာ တည်ဆောက်ပေးနေတာတွေ အပြင် စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို ဒူက္ခပေးနေတာကြောင့် အခုလို အမည်ပျက်စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်တာလို့ NUG က ဆိုပါတယ်။

ရန်ကုန်နှင့် မန္တလေး စည်ပင်ကော်မတီတွေက စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေဟာ အာဏာသိမ်း စစ်အုပ်စုက ပြည်သူတွေကို အလွယ်တကူ ဖမ်းဆီးနှိပ်စက် သ-တ်-ဖြတ်နိုင်ဖို့ ပြည်သူ့ဘဏ္ဍာငွေနဲ့ CCTV တွေ အဆင့်မြှင့်တင် တိုးချဲ့ တပ်ဆင်ပေးတာ၊ တော်လှန်ရေး အင်အားစုတွေကို ကူညီဖမ်းဆီးပေးတာ၊ စစ်အုပ်စုက ရာထူးတစ်ဆင့် တိုးပေးပြီး ခိုင်းစေတာကို လိုလားကျေနပ်စွာ ရယူပြီး ပြည်သူ့မျက်နှာ မကြည့်ဘဲ တက်ကြွစွာ တာဝန် ထမ်းဆောင်နေတာကြောင့်လည်း အမည်ပျက်စာရင်းသွင်း၊ ထုတ်ပယ်တာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုလက်အောက်မှာ တိုင်းပြည် ယိုယွင်းပျက်စီးနေတာကို သိပေမယ့် စည်ပင်ဝန်ထမ်းတွေဟာ အကျိုးစီးပွားအတွက် စစ်အုပ်စုနှင့်ပေါင်းပြီး အခွင့်ကောင်းယူကာ ပြည်သူ့ဘဏ္ဍာငွေတွေကို သုံးဖြုန်းတာ၊ မြေလွတ်မြေရိုင်းတွေကို အလွဲသုံးစားပြု ရောင်းချတာ၊ ဆင်းရဲဒုက္ခ ရောက်နေတဲ့ ပြည်သူကို သစ္စာဖောက်ပြီး စစ်ကောင်စီ အလိုကျ အခွန်အခတွေ အတင်းအကြပ် ကောက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်နှင့် မန္တလေး စည်ပင်ကော်မတီတွေမှာ ဒု-ညွှန်ချုပ်အဆင့်ကနေ ဦးစီးအရာရှိ အဆင့်အထိ လုပ်ပိုင်ခွင့် ရှိတဲ့ ရာထူးနေရာ ကောင်းတွေကို စစ်တပ်ကနေ ပြုတ်လာသူတွေက နေရာယူထားတယ်လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

မန္တလေး စည်ပင်က စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတချို့/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရန်ကုန်စည်ပင် #မန္တလေးစည်ပင် #Non_CDM 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ