ထီးလင်း ထန်းပင်ကုန်းရွာက နေအိမ်အလုံး(၆၀)ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ ထန်ပင်ကုန်းရွာ တိုက်ပွဲမှာ အထိနာ အသေများပြီးနောက် စစ်အုပ်စုက ရွာထဲ တကျော့ပြန် ဝင်မွှေသောင်းကျန်းကာ မီးရှို့ခြင်းဖြစ်၊

ထီးလင်း ထန်းပင်ကုန်းရွာက နေအိမ်အလုံး(၆၀)ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ ထန်ပင်ကုန်းရွာ တိုက်ပွဲမှာ အထိနာ အသေများပြီးနောက် စစ်အုပ်စုက ရွာထဲ တကျော့ပြန် ဝင်မွှေသောင်းကျန်းကာ မီးရှို့ခြင်းဖြစ်၊

MFP ၊ အောက်တိုဘာ - ၂၉

မကွေးတိုင်း၊ ယောဒေသ ထီးလင်းမြို့နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့နေတဲ့ စကစတွေ ယမန်နေ့က ထန်းပင်ကုန်းရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲမှာ အထိနာ အသေများပြီးနောက် စစ်အုပ်စုက ရွာထဲ တကျော့ပြန် ဝင်မွှေသောင်းကျန်းကာ နေအိမ်အလုံး (၆၀)ကျော်ကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးသွားတယ်လို့ ယောကာကွယ်ရေးတပ် - YDF (ထီးလင်း) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၇)ရက် မနက်(၇)နာရီကျော်က ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာထဲ ဝင်မွှေလုယက် မီးရှို့ပြီး ပြန်ထွက်လာတဲ့ ခလရ(၅၀)လက်အောက်ခံ စစ်အုပ်စုနှင့်ပျူ အင်အား(၁၀၀)ကို YDF ၊ KKG တပ်ရင်း (၅)၊ PDF ထီးလင်း တပ်ရင်း ၂ (ခွဲ) (၇)၊ နပတ တပ်ရင်း(၇၀၇ ADF)တို့ ပူးပေါင်းပြီး အနီးကပ် တိုက်ခိုက်ခဲ့ရာ စကစ (၃၀)ထက်မနည်း သေသလို YDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ခလရ (၅၀) လက်အောက်ခံ ပျူ+စခ (၁၂၀)ကျော်ပါ စစ်ကြောင်းသည် ထန်းပင်ကုန်း ကျေးရွာအား မီးရှို့၍ ထွက်ခွာစဉ် ပူးပေါင်းတပ်ဖွဲ့များနှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကာ ၎င်းတို့ အထိနာသဖြင့် ထန်းပင်ကုန်းကျေးရွာအား ယုတ်မာမိုက်ရိုင်းစွာ နေရာအနှံ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗျူဟာမှူးသခင်ဇော်မှ ပြောကြားခဲ့ပါသည်။ ယောကာကွယ်ရေးတပ်-YDF(ထီးလင်း)မှ (28.10.2022)မနက်အစောပိုင်းတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ နေအိမ်ပေါင်း (၆၂)လုံးနှင့် လူငယ်ရိပ်သာတစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း" ယောကာကွယ်ရေးတပ်-YDF(ထီးလင်း)က ဖော်ပြပါတယ်။

ထန်းပင်ကုန်းရွာ တိုက်ပွဲဖြစ်စဉ်အတွင်း ပျောက်ဆုံးခဲ့တဲ့ ယောကာကွယ်ရေးတပ် - YDF တပ်ရင်း(၁၄)က ရဲဘော် မောင်ဝေယံမင်း ရဲ့ အလောင်းကိုလည်း စစ်အုပ်စုက နေအိမ်တွေနှင့်အတူ မီးရှို့သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ထီးလင်းနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ သောင်းကျန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ယောဒေသ ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာက နေအိမ်တွေကို စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo - ယောကာကွယ်ရေးတပ်-YDF(ထီးလင်း)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မကွေး #ယော #ထီးလင်း #YDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ