မန္တလေးမှာ စစ်အုပ်စုက လူငယ်အချို့ကို ဖမ်းဆီးပြီး ဆက်စပ်သူတွေကို ခြေရာခံနေ

မန္တလေးမှာ စစ်အုပ်စုက လူငယ်အချို့ကို ဖမ်းဆီးပြီး ဆက်စပ်သူတွေကို ခြေရာခံနေ

MFP ၊ ဩဂုတ် - ၃၀

မန္တလေးမြို့ ၄၁-B လမ်းပေါ်မှာ ဒီနေ့ မွန်းလွဲပိုင်းက စစ်အုပ်စုဟာ လူငယ်အချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၄၁-B လမ်းနဲ့ ၅၆ လမ်းထောင့်အနီးမှာ သုံးဘီးဆိုင်ကယ်စီးလာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကို စစ်အုပ်စုက အိမ်စီးကားနဲ့လိုက်လာပြီး သေနတ်နဲ့ချိန်ကာ ရပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သုံးဘီးစီးလာသူ အမျိုးသားနဲ့ အမျိုးသမီးကို လက်ထိပ်ခတ်ပြီး တစ်ယောက်စီ ခွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသားဖြစ်သူကို ဓားစာခံလုပ်ပြီး အဲဒီလမ်းပေါ်က နေအိမ်တစ်လုံးကို ခေါ်သွားကာ သေနတ်ကိုင်ဆောင်ထားတဲ့ စစ်အုပ်စုဟာ အိမ်ထဲဝင်ရောက်ရှာဖွေနေတာ လုပ်ဆောင်နေတယ်လို့လည်း သတင်းရင်းမြစ်က ဆိုပါတယ်။

“ သုံးဘီးပေါ်က ဖမ်းခံရတဲ့ကောင်လေး ဖြစ်ဖို့များပါတယ်။ သူကို ဓားစာခံလုပ်ပြီး အိမ်လိုက်ပြခဲ့တဲ့သဘောပါ။ အဲကောင်လေးကို လက်ထိပ်နောက်ပြန်ခတ်ထားပြီး လိုက်ပြခိုင်းတာ “ လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က လူငယ်တွေကို PDF နဲ့ ဆက်သွယ်တယ်၊ ထောက်ပို့လုပ်တယ်၊ ပြောက်ကျားတပ်ဖွဲ့ကဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မကြာခဏ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူတွေကို ဓားစာခံလုပ်ကာ ဆက်စပ်သူတွေကိုပါ လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

ဩဂုတ်လအတွင်းမှာပဲ မန္တလေးမြို့ပေါ်မှာ မြို့ပြပြောက်ကျား UG လူငယ်တွေ အပါအဝင် လူငယ် (၅၀)ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မန္တလေးမြို့ပေါ်မှာ လက်နက်ကိုင်ရမ်းကားနေတဲ့ စစ်အုပ်စု(ပုံဟောင်း)/ ဓာတ်ပုံ - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လူငယ်တွေကိုဖမ်းဆီး #ဓားစာခံလုပ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ