မြင်းမူ လက်ပံကျင်းရွာမှာ စစ်အုပ်စုက ဒေသခံ(၁၀၀)ကျော် ဖမ်းထားပြီး အနည်းဆုံး ငါးဦးကို သတ်-ဖြတ်၊ ဖမ်းခံရသူ အများစုဟာ အမျိုးသမီးနှင့် ကလေးသူငယ်တွေ ဖြစ်ပြီး စစ်အုပ်စုက နှစ်ရက်ဆက် သောင်းကျန်းနေ၊

မြင်းမူ လက်ပံကျင်းရွာမှာ စစ်အုပ်စုက ဒေသခံ(၁၀၀)ကျော် ဖမ်းထားပြီး အနည်းဆုံး ငါးဦးကို သတ်-ဖြတ်၊ ဖမ်းခံရသူ အများစုဟာ အမျိုးသမီးနှင့် ကလေးသူငယ်တွေ ဖြစ်ပြီး စစ်အုပ်စုက နှစ်ရက်ဆက် သောင်းကျန်းနေ၊

MFP ၊ သြဂုတ် - ၂

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပံကျင်ကျေးရွာထဲ ရဟတ်ယာဉ် လေးစီးနဲ့ ပစ်ခတ်စီးနင်းတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ အမျိုးသမီးနှင့် ကလေးသူငယ်တွေ အပါအဝင် ဒေသခံ လူ (၁၀၀)ကျော်ကို ဖမ်းဆီးထားပြီး နှစ်ရက်ဆက် စီးနင်းသောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က သြဂုတ်(၁)ရက် မနက်(၁၀)နာရီကျော်မှာ မြင်းမူမြို့နယ် လက်ပံကျင်းရွာကို ရဟတ်ယာဉ် လေးစီးနဲ့ ဝိုင်းညှပ်ပိတ်ဆို့ ပစ်ခတ်ခဲ့သလို ရွာအနီးမှာ စကစတွေ ချထားပြီး ရွာထဲဝင်မွှေကာ အကြမ်းဖက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

“ဟက်စကီး လေးစင်းနဲ့ လာပစ်တာ။ အိမ်တွေကို ပစ်တာပဲ။ အထိအခိုက်တော့ မသိရသေးဘူး။ ပစ်တာကတော့ တအားကို မနားတမ်းပစ်တာ။ နှစ်စီးက ပစ်ပြီး ပြန်တယ်။ နှစ်စီးက ရွာအရှေ့ဘက်မှာ ခွေးတွေ ချသွားတယ်။ ပြေးနိုင်တဲ့သူက ပြေးပေါ့။ မပြေးနိုင်လို့ အဖမ်းခံရတာကလည်း လူ(၁၀၀)ကျော်မယ်။ ရွာထဲမှာ ဒီကောင်တွေ ဖမ်းထားတာ” လို့ စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ချိန် ထွက်ပြေးလွတ်မြောက်လာတဲ့ လက်ပံကျင်းရွာ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ရတ်ယာဉ်နဲ့ စီးနင်းပစ်ခတ် တိုက်ခိုက်ချိန် စာသင်ကျောင်းထဲမှာ စာသင်နေတဲ့ ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူတွေလည်း ပိတ်မိနေပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ပံကျင်းရွာကို စီးနင်းသောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က ညနေ(၆)နာရီကျော်မှာ ကျေးရွာထဲ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေပြီး မီးခိုးလုံးတွေ တက်နေတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ပံကျင်းရွာထဲ စီးနင်းသောင်းကျန်းရတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာ မနေ့ မနက်ပိုင်းက လက်ပံကျင်းကျေးရွာထဲ PDF တွေ စုဝေးနေတယ်လို့ သတင်းရတာကြောင့် ရဟတ်ယာဉ်နဲ့ ပဟ်ခတ်စီးနင်းခဲ့တာ ဖြစ်ကြောင်းနှင့် ရွာအဝင်မှာ တိုက်ပွဲဖြစ်ပြီး PDF ငါးယောက် သေတယ်လို့ သတင်းဖြန့်ပါတယ်။

ဒါ့အပြင် လက်ပံကျင်းရွာနှင့် လက်ပံကျင်းရွာအနီးမှာ PDF စခန်းတစ်ခု၊ လက်လုပ်သေနတ်တွေ၊ မိုင်းတွေ၊ ဗုံးသီးတွေ၊ လက်နက်ခဲယမ်းတွေ အပါအဝင် ကားလေးစီးနှင့် ဆိုင်ကယ် အစီး (၃၀)ကိုလည်း ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

တချိန်တည်းမှာပဲ လက်ပံကျင်းရွာမှာ ဒေသခံ အမျိုးသား(၄၀)ဦးနှင့် အမျိုးသမီး(၇၃)ဦးကို ဖမ်းထားပြီး စစ်ဆေးနေတယ်လို့လည်း အကြမ်းဖက် စစ်အုပ်စုဘက်က သတင်းဖြန့်ထားပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက သောင်းကျန်းနေလို့ လက်ပံကျင်းရွာသာမက အနီးနားက သူဌေးကုန်းရွာ ဒေသခံတွေပါ ထွက်ပြေးနေရပြီး ဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်(၂၇)ရက်ကလည်း မြင်းမူမြို့နယ် မူးမန္တလေး၊ မူးသာ စတဲ့ မူးမြစ်ဘေးရွာတွေကို ရဟတ်ယာဉ်ငါးစင်းနဲ့ရော မြေပြင်ကပါ ဝိုင်းညှ့ပ်ပိတ်ဆို့ ပစ်ခတ်စီးနင်းပြီးနောက် မူးမန္တလေးရွာက ဒေသခံပြည်သူ (၄၀)ကျော်ကို ဖမ်းဆီးကာ လေးဦးထက်မနည်းကို သတ်-ဖြတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေလဆန်းက ရေဦးမြို့နယ် မုံတိုင်ပင်ရွာက ဒေသခံ ပြည်သူတွေကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့စဉ်/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #လက်ပံကျင်းရွာ #ပြည်သူ #ရဟတ်ယာဉ် #ဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ