မန္တလေး နန်းတွင်းက မြေတွေ လေလံပစ်မယ်လို့ NUG ကြေညာမှု စစ်အုပ်စု စွေ့စွေ့ခုန်၊

မန္တလေး နန်းတွင်းက မြေတွေ လေလံပစ်မယ်လို့ NUG ကြေညာမှု စစ်အုပ်စု စွေ့စွေ့ခုန်၊

MFP ၊ စက်တင်ဘာ - ၁၈

နွေဦးတော်လှန်ရေးကို ကူညီထောက်ပံ့ရင်း စီးပွားရေးအရ ရင်းနှီးမြုပ်နှံလိုသူတွေ အတွက် စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အဖြစ် သိမ်းပိုက် တပ်စွဲထားတဲ့ မန္တလေး နန်းတွင်းထဲက မြေတွေကို အကွက်ရိုက်ပြီး လေလံပစ်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က မနေ့ညနေပိုင်း ကြေညာချက် ထုတ်လိုက်တဲ့အပါ် စစ်အုပ်စုနဲ့ စစ်ကောင်စီ ထောက်ခံသူတွေကြား စွေ့စွေ့ခုန် ဖြစ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု (Spring Mandalay Investment) အစီအစဉ်အတွက် မန္တလေး နန်းတွင်းထဲက မြေတွေကို NUG က လေလံပစ်မယ် ဆိုတဲ့အပေါ် မဖြစ်နိုင်ဘူး၊ နန်းတွင်းရဲ့ အနားကိုတောင် ကပ်ရဲမှာ မဟုတ်ဘူးဆိုတဲ့ သဘောထား မှတ်ချက်တွေကို စစ်တပ်ထောက်ခံသူတွေက ပြောဆိုနေကြပြီး ရန်ကုန်က စီမံကိန်းတွေလို အောင်မြင်မှု ရသွားမှာကို စစ်အုပ်စုက စိုးရိမ်နေတာ ဖြစ်မယ်လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

“ရန်ကုန်မှာ လုပ်နေတဲ့ EOD ရဲ့ ပရောဂျက်တွေ အကုန်လုံးက အောင်မြင်နေတယ်၊ မအလ အိမ်ဆိုလည်း ဝယ်ကြတယ်၊ အခုလုပ်နေတဲ့ နွေဦးရိပ်မွန် အိမ်ရာဆိုပြီး ရောင်းနေတာတွေက အစ (၁၀၀) ရာခိုင်နှုန်း နီးပါး အောင်မြင်နေတယ်၊ အခု မန္တလေးမှာ လုပ်လိုက်တာကတော့ မထင်မှတ်ထားတဲ့ အကွက်ပဲ၊ ဒါက အောင်မြင်သွားပြီဆိုရင် ကျန်တဲ့ မြို့တွေမှာ ဆက်လုပ်ဖို့ မခက်ခဲတော့ဘူး၊ ဒါကြောင့် စစ်အုပ်စုက ဒီကြေညာချက်ကို အားလျော့အောင် ပုံဖျက်နေကြတာလို့ မြင်တယ် “ လို့ မန္တလေးမြို့ခံက MFP ကို ပြောပါတယ်။

နွေဦးတော်လှန်ရေး အတွက် NUG ရဲ့ ရန်ပုံငွေရှာဖွေရေး အစီအစဉ်အဖြစ် အာဏာရှင် အဆုံးသတ်နိဂုံး (EOD) စီမံကိန်းတွေအဖြစ် စစ်အုပ်စု သိမ်းပိုက်ထားတဲ့ မြေတွေကို အကွက်ရိုက်ပြီး လေလံတင် ရောင်းချနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့ အင်လျားလမ်းက မင်းအောင်လှိုင် သိမ်းယူထားတဲ့ အိမ်နှင့် အင်းစိန်၊ မရမ်းကုန်းဘက်က စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို EOD က လေလံတင် ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ (၁၅)သန်းထက်မနည်း ရံပုံငွေ ရရှိခဲ့ပါတယ်။

လက်ရှိမှာ EOD ရဲ့ ရံပုံငွေ ရှာဖွေရေး နောက်ထပ်အစီအစဉ်အဖြစ် နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု (Spring Mandalay Investment) ကို လုပ်ဆောင်မှာ ဖြစ်ပြီး “ ပြည်တော်ဝင်ဖို့ နန်းသိမ်းစို့ “ လို့ အမည်ပေးကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အဖြစ် သိမ်းပိုက်ထားတဲ့ မန္တလေးနန်းတွင်းက မြေတွေကို အကွက်ရိုက် လေလံပစ်ဖို့ NUG က စီစဉ်တာ ဖြစ်ပါတယ်။

ဒါပေမယ့် လေလံတင်မယ့် ဈေးနှုန်းနဲ့ စတင်ရောင်းချမယ့် နေ့ရက်ကိုတော့ NUG က အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။

“ တော်ဝင်အထက်တန်းလွှာဆိုသူတွေ စံမြန်းရာ၊ ကိုလိုနီနယ်ချဲ့တွေ စိုးစံရာ၊ စစ်အာဏာရှင်တွေ လွှမ်းမိုးရာ ဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် ပြည်သူနဲ့ အလှမ်းဝေးခဲ့တဲ့ နေရာကို ပြည်သူတွေ ပြန်ယူဖို့ အချိန်ရောက်လာပါပြီ။ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဆိုတာ တော်လှန်ပြည်သူတွေ ကိုယ်တိုင် ပါဝင်မှ ရမှာပါ။ ကိုယ်နဲ့သက်ဆိုင်တဲ့မြေဟာ ကိုယ့်မြေ၊ ကိုယ့်မြေကို ကိုယ်တိုင်ပဲ ပြန်ယူကြရအောင်ပါ “ လို့ အာဏာရှင် အဆုံးသတ်နိဂုံး (EOD)ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။

စိတ်ဝိဉာဉ်ပေါ့ပါးစွာ ကွန့်မြူးနိုင်ဖို့ အနုပညာခန်းမဆောင်တွေ၊ ယဉ်ကျေးမှုပြတိုက်၊ ပြည်ထောင်စုတိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ ဂီတ၊ အကတွေနဲ့ သမိုင်းအဆက်ဆက်က ခေတ်အလိုက် အကအလှတွေ၊ မိသားစုနဲ့ မိတ်ဆွေတွေ တွေ့ဆုံအပန်းဖြေ နားနေနိုင်တဲ့ နေရာတွေ ထားရှိမှာဖြစ်ပြီး အနုသုခုမဇုံ၊ အပန်းဖြေဇုံ၊ သမိုင်းလေ့လာရေးဇုံ စသဖြင့် ပိုင်းခြားပြီး အကောင်အထည် ဖော်သွားဖို့ စိတ်ကူးထားတယ်လို့လည်း ပြည်သူကို အသိပေးထားပါတယ်။

မန္တလေးနန်းတွင်းဟာ မြန်မာ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါဘုရင်တို့ နေထိုင်သွားခဲ့တဲ့ နေရာဖြစ်ပြီး (၁၈၈၅)ခုနှစ် အင်္ဂလိပ်လက်အောက် ကျရောက်ပြီးတဲ့ အချိန်ကစလို့ အင်္ဂလိပ်တပ်တွေ တပ်စွဲခဲ့ကာ လွတ်လပ်ရေး ရပြီးနောက်မှာလည်း မြန်မာစစ်တပ်က တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ ယနေ့အထိ နှစ်ပေါင်း (၁၄၀) နီးပါး စစ်တပ် တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

နန်းမြို့ရိုးအတွင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်စွဲထားတာဖြစ်ပြီး သင်တန်းကျောင်းတွေ၊ တပ်မြို့စည်ပင်၊ တပ်နယ်ရုပ်ရှင်ရုံ၊ ဝန်ထမ်းအိမ်ယာ စသဖြင့် မန္တလေးမြို့လယ်ကောင်းမှာ သီးခြားမြို့တစ်ခုသဖွယ် ဖော်ဆောင်ထားတာဖြစ်ပြီး အများပြည်သူတွေဟာ ရွှေနန်းတော်နဲ့ အနီးဝန်းကျင်ကိုသာ လည်ပတ်ခွင့်ရကာ ကျန်တဲ့နေရာတွေကိုတော့ ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် လုံခြုံရေးအကြောင်းပြပြီး နန်းတွင်းရဲ့ အရှေ့၊ အနောက်၊ မြောက်ဘက်အပေါက်တွေကသာ ပြည်သူတွေ အဝင်အထွက် လုပ်နိုင်ပြီး တောင်ဘက်အပေါက်ကိုတော့ စစ်တပ်က အရာရှိတွေ အဝင်အထွက် ပြလုပ်တဲ့နေရာလို့ သတ်မှတ်ထားပါတယ်။ ပြည်သူတွေ အဝင်အထွက်ပြုလုပ်ရာမှာလည်း ဝင်ပေါက်မှာ မှတ်ပုံတင်လိုမျိုး သက်သေခံကတ်ပြားတစ်ခုခု အပ်နှံထားမှသာ ဝင်ရောက်ခွင့်ပေးတာ ဖြစ်ပါတယ်။

မန္တလေး နန်းတွင်းထဲက နန်းဆောင် အဆောက်အဦများနှင့် စစ်အုပ်စုရဲ့ လပခ အဖြစ် သိမ်းပိုက်တပ်စွဲထားတဲ့ နေရာတွေ/Photo – Wiki

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးနန်းတွင်း #EOD #NUG #SpringMandalayInvestment

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ