ငါန်းဇွန်မှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ ပျုတစ်ယောက် ပစ်သတ်ခံရ၊ စကစခန့်အုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံရပေမယ့် ထွက်ပြေးလွတ်မြောက်သွားဟုဆို၊

ငါန်းဇွန်မှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ ပျုတစ်ယောက် ပစ်သတ်ခံရ၊ စကစခန့်အုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံရပေမယ့် ထွက်ပြေးလွတ်မြောက်သွားဟုဆို၊

MFP ၊ နိုဝင်ဘာ - ၁၁

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ ခြင်္သေ့လက်ကျေးရွာက စကစခန့် အုပ်ချုပ်ရေးမှူးနဲ့ တပည့် ပျူခေါင်းဆောင်တို့ကို မနေ့က ပစ်ခတ်ခဲ့ရာ တစ်ယောက်သေပြီး တစ်ယောက်က ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ (၁၀) ရက် ညနေပိုင်းက ခြင်္သေ့လက်ရွာ အုပ်ကြီး အောင်သန်းမြင့်နဲ့ တပည့် ပျူခေါင်းဆောင် ထွန်းရင်တို့ အတူရှိနေချိန် ပြည်သူ့ကာကွယ်ရေးတပ် မန္တလေးခရိုင်၊ အမှတ် (၅) တပ်ရင်း မြစ်ငယ် MNPDF နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ထွန်းရင်မှာ သေနတ်ကျည် ခုနှစ်ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးပြီး အောင်သန်းမြင့်က လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“ထွန်းရင်က ခွေခွေလေး လဲနေပြီး အောင်သန်းမြင့်ကတော့ ဘေးက ပဲစင်းငုံထဲ ဝင်ပြေးသွားတာကြောင့် လွတ်သွားတယ်၊ ဘာဒဏ်ရာမှ ရမသွားဘူး “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငါန်းဇွန်နယ်ထဲက ပြည်သူကို ရန်ပြုသောင်းကျန်း ဖိနှိပ်သတ်ဖြတ် ညှဉ်းပန်းနေတဲ့ စစ်ကောင်စီ ထောက်တိုင်တွေရဲ့ အမည်စာရင်းတွေ ရရှိထားပြီးဖြစ်တယ်လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

MN PDF ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက် တန်ဆောင်မုန်းလပြည့်ကလည်း အရက်သောက်စား မူးရူးပြီး ပြန်လာတဲ့ အမရပူရမြို့နယ် ရဲရုံးက ယာဉ်မောင်း ရဲဒုတပ်ကြပ် သူရအောင်ကို ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ငါန်းဇွန်နယ်ထဲ စစ်အုပ်စုနဲ့ ပျုတွေ ကြီးစိုးသောင်းကျန်းနေပြီး အောက်တိုဘာလဆန်းကလည်း ငါန်းဇွန်နယ် ဂျွန်းကန်ရွာက ထွေအုပ်စာရေး လင်မယား သေဆုံးမှုနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂျွန်းကန်ရွာက အမျိုးသမီး တစ်ဦး အပါအဝင် လူငယ်ငါးဦးကို စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်းကာ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်သတ်ပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #ခြင်္သေ့လက် #အုပ်ချုပ်ရေးမှူး #ပျူစောထီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ