ကလေးမြို့မှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စကစ သုံးယောက် ထိ၊ စစ်အုပ်စုက ရပ်ကွက်ထဲ သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ပြည်သူနှစ်ဦး ဒဏ်ရာရ၊

ကလေးမြို့မှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စကစ သုံးယောက် ထိ၊ စစ်အုပ်စုက ရပ်ကွက်ထဲ သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ပြည်သူနှစ်ဦး ဒဏ်ရာရ၊

MFP၊ စက်တင်ဘာ - ၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ် ပတ်နေတဲ့ စစ်အုပ်စု ကားနှစ်စီးကို ဒီမနက်ပိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီး မိုင်းထိပြီး စကစ သုံးယောက် ဒဏ်ရာရသွားတယ်လို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF (Kalay) က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၉)ရက် မနက်(၇)နာရီခွဲက ကလေးမြို့၊ ကြိုသုံးပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ စစ်အုပ်စုရဲ့ ကားနှစ်စီးကို PDF (Kalay)ရဲ့ မြိုပြပြောက်ကျား စစ်ဆင်ရေးတပ်ဖွဲက ဆင်ရွာလမ်းခွဲ အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုဟာ အော်ဟစ်ဆဲဆိုကာ အနီးဝန်းကျင်က ပြည်သူတွေရဲ့ နေအိမ်တွေကို နာရီဝက်နီးပါးကြာ ရမ်းကားပစ်ခတ်ခဲ့လို့ ဒေသခံ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး နှစ်ဦးအနက် တစ်ဦးဟာ ကိုယ့်အိမ်ထဲကိုယ်နေချိန် စစ်အုပ်စုက ပစ်ခတ်လို့ ခြေထောက်မှာ ကျည်နှစ်ချက် ထိမှန်ခဲ့တာ ဖြစ်ပြီး နောက်တစ်ဦးကတော့ ဆိုင်ကယ်စီးနေချိန် စစ်အုပ်စုက သောင်းကျန်းပစ်ခတ်လို့ မေးရိုးနား ကျည်ရှပ်ထိသွားတယ်လို ဒေသခံတွေက ပြောပါတယ်။

ကလေးမြိုနယ်ထဲ ရောက်ရှိနေတဲ့ စစ်အုပ်စုအနေနဲ့ အခြေစိုက်နေရာတွေကနေ အပြင်ကို ခြေတစ်လှမ်း ရွေ့တာနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲတွေက သတင်းထောက်လှမ်း သိရှိထားပြီးဖြစ်သလို အချိန်မရွေး ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ဖို့လည်း ပြင်ဆင်ထားပြီး ဖြစ်တာကြောင့် အများပြည်သူ အနေဖြင့် စစ်အုပ်စုကို ဝေးဝေးက ရှောင်ကြဖို့ PDF (Kalay)က မေတ္တာရပ်ခံ သတိပေးထားပါတယ်။

စက်တင်ဘာ (၈)ရက် မနေ့ မနက်ပိုင်းကလည်း ကလေးမြိုပေါ် ချမ်းမြေ့အောင်စည်လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကားနှစ်စီးကို PDF (Kalay)ရဲ့ မိုင်းအဖွဲက မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့ပါသေးတယ်။

မနေ့က မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက်မှာလည်း စစ်အုပ်စုက အနီးက လူနေရပ်ကွက်ထဲ ဝင်မွှေလုယက် ရန်ပြု သောင်းကျန်းကာ ဒေသခံပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို နီးစပ်သူတွေက ဆိုပါတယ်။

ကလေးမြို့က ဒေသခံတွေရဲ့ နေအိမ်ကို စစ်အုပ်စုက သောင်းကျန်းရမ်းကား ပစ်ခတ်သွားစဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #ဗိုလ်ချုပ်လမ်း #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ