မန္တလေးမှာ စစ်အုပ်စုက UG တွေကို ဖမ်းပြီး ပေ့ချ်အတုဖွင့်ကာ အသွင်ယူ အလှူခံနေ

မန္တလေးမှာ စစ်အုပ်စုက UG တွေကို ဖမ်းပြီး ပေ့ချ်အတုဖွင့်ကာ အသွင်ယူ အလှူခံနေ

MFP ၊ ဩဂုတ် - ၂

မန္တလေးမြို့က မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Retrun Ranger Force - MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေကို စစ်အုပ်စုက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် MRRF ပေ့ချ်အတု ဖွင့်လှစ်ကာ အလှူခံနေတာကို တွေ့ရပါတယ်။

အဲဒီပေ့ချ်အတု (https://www.facebook.com/MRRF055/ ) မှာ ပို့စ်နှစ်ခု တင်ထားတာ တွေ့ရပြီး တာဝန်ခံ ဗိုလ်ပိစိ ဆိုတဲ့နာမည်သုံးကာ အလှူခံထားတာ ဖြစ်ပါတယ်။ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့အတွက်ဆိုပြီး အလှူခံနေတာ ဖြစ်ပါတယ်။

အဲဒီပေ့ချ်ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၃)ရက်မှာ Offer Boy ဆိုတဲ့ နာမည်နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၃၀)ရက်မှာတော့ Page Boost Boy ဆိုတဲ့ နာမည်ကို ပြောင်းလဲခဲ့ပါတယ်။ မနေ့က ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁)ရက်မှာတော့ Myanmar Return Ranger Force ဆိုတဲ့ နာမည်ကို ထပ်မံပြောင်းလဲခဲ့ကာ MRRF ရဲ့ လိုဂိုကိုပါ အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီပေ့ချ်ကို Like ပြုလုပ်ထားသူ (၆၅)ဦး ရှိပါတယ်။

MRRF ရဲ့ မူရင်းပေ့ချ်ကတော့ (https://www.facebook.com/MRRF.Mandalay/ ) ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့က ဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။ အမှတ်(၄)ရဲစခန်း တိုက်ခိုက်မှုသတင်းနဲ့ တောင်ပြုံးပွဲတော် မသွားကြဖို့ သတိပေးတဲ့ ထုတ်ပြန်ချက်တွေ၊ မြို့တွင်းအခြေအနေတွေကို ဗိုလ်အောင်မြေ ဖမ်းဆီးမခံရခင်အချိန်ကအထိ တင်ထားတာ တွေ့ရပါတယ်။ Like ပြုလုပ်ထားသူက (၉၅)ဦး တွေ့ရပြီး လက်ရှိမှာတော့ အဲဒီပေ့ချ်ဟာ အသက်မဝင်တော့တာ တွေ့ရပါတယ်။

ဗိုလ်အောင်မြေ ပါဝင်တဲ့ လူ (၁၀)ဦးခန့်ကို ဩဂုတ်လ (၁)ရက်နေ့က မန္တလေးမြောက်ပြင် ၈၆ လမ်းနဲ့ ၈ လမ်းအနီးက အိမ်တစ်ခုမှာ စစ်အုပ်စုက မနက်ပိုင်း (၆)နာရီလောက်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ စစ်အုပ်စုဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဖမ်းဆီးခံရချိန် လက်နက်ခဲယမ်းအချို့လည်း ပါသွားတယ်လို့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

ဗိုလ်အောင်မြေ ဦးဆောင်တဲ့ MRRF အဖွဲ့ဆိုတာက Myanmar Revolution Ranger Force ဆိုတဲ့နာမည်နဲ့ အရင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီနှစ်သင်္ကြန်ကာလအပြီးမှာ စစ်တပ်ပိုင် မြဝတီဘဏ်၊ စစ်အုပ်စုထောက်တိုင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကမ္ဘောဇဘဏ်နဲ့ ATM၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ပျူစောထီးတွေ ရှိတဲ့ မီးသတ်ရုံး စတာတွေကို တိုက်ခိုက်ရေးလုပ်ဆောင်ရာမှာ Mother Son Mandalay Force၊ Kings Cobra Guerilla Force- MDY တို့နဲ့အတူ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သူတို့ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #UG #ပေ့ချ်အတုဖွင့် #အသွင်ယူအလှူခံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ