တန့်ဆည်မှာ ဒီမနက်ပိုင်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်၊ စစ်အုပ်စု သောင်းကျန်းနေလို့ ကံထူးမ - တန့်ဆည်လမ်း အသုံးမပြုကြဖို့ သတိပေး၊

တန့်ဆည်မှာ ဒီမနက်ပိုင်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်၊ စစ်အုပ်စု သောင်းကျန်းနေလို့ ကံထူးမ - တန့်ဆည်လမ်း အသုံးမပြုကြဖို့ သတိပေး၊

MFP ၊ အောက်တိုဘာ - ၁၆

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ဒီမနက်ပိုင်း ထိတွေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စု အသေအပျောက် ရှိနိုင်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၆)ရက် မနက်(၇)နာရီခွဲနဲ့ (၁၁)နာရီအချိန်တွေမှာ တန့်ဆည်မြို့နယ် ဝရငယ်ရွာနှင့် ချောင်းဦးရွာအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဝရငယ်ရွာအနီး တိုက်ပွဲက ပြင်းထန်တယ်လို့ ဆိုပါတယ်။

"ဝရငယ်ရွာ အနောက် မူးဘောင်တံတားတွင် KPK တိုက်မိုင်းမိပြီး ဘောင်အနောက်ဖက် ပထမအကြိမ်ထိတွေ့မှုဖြစ်။ တိုက်ပွဲပြင်းထန်ခဲ့။ (11:00am) ၎င်း စခများ အနောက်မြောက်ဘက် ချောင်းဦးရွာသို့ ဦးတည်လာပြီး ရွာအဝင်တွင် ဒုတိယကြိမ် ထိတွေ့မှုဖြစ်။ ရှော့ဒုန်းများဖြင့်လည်း ပစ်ခတ်နိုင်ခဲ့။ စခ၊ပျူများ ထိခိုက်သေဆုံးနိုင်ခြေရှိ။ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ကို တန့်ဆည်မြို့နယ် ပြည်သူ့တော်လှန်ရေးအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါသည်" လို့ တန့်ဆည် ပကဖ က ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း - ခမရ (၃၆၈)က စကစတွေနဲ့ တန့်ဆည်ဒေသခံ စစ်ကောင်စီ လက်ပါးစေ ပျူတွေ စုစုပေါင်း စစ်အုပ်စု အင်အား (၁၀၀)ကျော်ဟာ ယခုလဆန်းကတည်းက တန့်ဆည်နယ် ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်၊ မိုက်ကြေးခွဲတာတွေ ကျူးလွန်နေတာလို့ ဆိုပါတယ်။

မနေ့က ညနေပိုင်းမှာလည်း တန့်ဆည်နယ် ရွာသစ်ကျေးရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စု တိုက်မိုင်းမိပြီး အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ကာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ တန့်ဆည် ပကဖ က ဆိုပါတယ်။

ဒီမနက်ပိုင်း တိုက်ပွဲဖြစ်ပြီးနောက် လက်ရှိမှာတော့ စစ်အုပ်စုက ချောင်းဦးရွာထဲ စီးနင်းအထိုင်ချနေပြီး ဝရငယ်ရွာဘက်မှာလည်း ကင်းပုန်းဝပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ တန့်ဆည် - ကံထူးမ လမ်းပိုင်းကို ဒေသခံ ပြည်သူတွေ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့လည်း တန့်ဆည် ပကဖ က သတိပေးထားသလို ဒေသခံအချင်းချင်းလည်း အသိပေး တိုက်တွန်း နေပါတယ်။

စစ်အုပ်ဟာ တန့်ဆည် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေကို ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်၊ မိုက်ကြေးခွဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

တန့်ဆည်နယ် ဒီမနက်ပိုင်း တိုက်ပွဲမှာ စစ်အုပ်စုကို ပစ်ခတ်ခဲ့တဲ့ လက်လုပ် ရှော့ဒုံး/Photo - တန့်ဆည် ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #တန့်ဆည် #ပကဖ #​ရေငယ်ရွာ #ချောင်းဦးရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ