ဝက်လက်မှာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ချိန် ပြည်သူကို ကယ်ထုတ်ရင်း BLACK WOLF - PDF ရဲဘော်တစ်ဦးနှင့် ဒေသခံနှစ်ဦး ဖမ်းဆီး သတ်-ဖြတ်ခံရ၊

ဝက်လက်မှာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ချိန် ပြည်သူကို ကယ်ထုတ်ရင်း BLACK WOLF - PDF ရဲဘော်တစ်ဦးနှင့် ဒေသခံနှစ်ဦး ဖမ်းဆီး သတ်-ဖြတ်ခံရ၊

MFP ၊ အောက်တိုဘာ - ၁၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုက ရဟတ်ယာဉ် ခြောက်စီးထက်မနည်းနဲ့ ပစ်ခတ် ဗုံးကြဲချိန် ပြည်သူတွေကို ကယ်ထုတ်နေတဲ့ BLACK WOLF - PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးနှင့် ဒေသခံပြည်သူ နှစ်ဦး စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်-ဖြတ်ခြင်း ခံလိုက်ရတယ်လို့ BLACK WOLF - PDF က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၈)ရက်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းရွာအနီးမှာ BLACK WOLF - PDF တပ်ဖွဲ့ဝင် ရဲ ဘော် ( BW SNIPER ) မှာ စစ်အုပ်စုနှင့် ထိပ်တိုက်တိုးပြီး ကျဆုံးခဲ့တာ ဖြစ်သလို ဒေသခံ ပြည်သူနှစ်ဦးကိုပါ စစ်အုပ်စုက သတ်-ဖြတ်သွားတာလို့ ဆိုပါတယ်။

"စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ နှစ်စီး၊ ရဟက်ယာဉ်လေးစီးဖြင့် ဝက်လက်မြို့နယ် ငါးပတ်ချောင်း ကျေးရွာသို့ အောက်တိုဘာ(၈)ရက် မွန်းလွဲ(၁၂)နာရီ (၄၅)မိနစ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပါသည်။ ထိုဝင်ရောက်စီးနင်းမှုတွင် ရွာသူ ၊ ရွာသားများ ပိတ်မိခဲ့ကြပါသည်။ ထို့နောက် ကျနော်တို့ ( BLACK WOLF - PDF ) အဖွဲ့သားများသည် ငါးပတ်ချောင်း ကျေးရွာ ရှိ ရွာသူ ၊ ရွာသားများအား မဟာမိတ်များနှင့် ပူးပေါင်းကာ ကယ်ထုတ်ခဲ့ပါသည်။ ထိုသို့ကယ်ထုတ်နေစဉ်အတွင်း ရန်သူစကစ စစ်ကြောင်းနှင့် ညနေ(၆း၄၅)အချိန်တွင် ထိပ်တိုက်တွေ့ဆုံခဲ့ရာ တိုက်ခိုက်၍ မရသဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ပါသည်။ ရန်သူ စကစဘက်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာမှု၊ လေကြောင်း အသုံးပြုမှုများကြောင့် မိမိတို့အဖွဲ့သားများမှာ ဆက်လက်၍ တိုက်ပွဲဝင်မရတော့သဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ရာ ရဲဘော် ( BW SNIPER ) နှင့် အဆက်သွယ်ပြတ် တောက်သွားခဲ့ရပါသည်။ ရဲဘော် ( BW SNIPER ) အား BLACK WOLF - PDF အဖွဲ့သားများ ပြန်လည်စုစည်းပြီး တောနင်းရှာဖွေကြရာ အောက်တိုဘာ(၉)ရက် နံနက်(၇)နာရီ အချိန်တွင် ( လည်ပင်းပြတ်ရှ ဒဏ်ရာ တစ်ချက် ၊ ဂုတ်ပြတ်ရှ ဒဏ်ရာတစ်ချက် ၊ နောက်ကျော ထိုးသွင်း ဒဏ်ရာ တစ်ချက် ) တို့ဖြင့် ရက်ရက်စက်စက် သတ်ဖြ-တ်ခံရကာ ကျဆုံးနေကြောင်းကို တွေ့ရှိရပါသည်။ ထို့အပြင် အပြစ်မဲ့ ပြည်သူ နှစ်ယောက်ပါ ထိုရဲဘော်နှင့် အတူ ရက်ရက်စက်စက် သ-တ်ဖြတ်ခံခဲ့ရပါသည်။

လက်နက်ဆုံးရှုံးမှု ( SIG CROSS SNIPER ) တစ်လက် ဆုံးရှုံးခဲ့ရပါသည်" လို့ BLACK WOLF PDF က ဖော်ပြပါတယ်။

ဝက်လက်နယ် အရှေ့ခြမ်း ရှိမ္မကားရွာအနီး၊ ဧရာဝတီမြစ်ဘေးက ငါးပတ်ချောင်းနှင့် ဘုရားလေးကုန်းရွာတွေကို စစ်အုပ်စုက ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ စီးနင်းပစ်ခတ် ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ ပြည်သူ အများအပြား သေဆုံးခဲ့ပြီး ဒီနေ့အထိ ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိတယ်လို့ ဆိုပါတယ်။

PDF စခန်းကို စီးနင်းတာ ဖြစ်ပြီး PDF ရှစ်ယောက် သေတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ထားပေမယ့် ရဟတ်ယာသ်နဲ့ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဒေသခံ ဆယ်ချီ သေဆုံးခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ စစ်အုပ်စုက အနီးအနား ကျေးရွာတွေထဲ ဝင်မွှေသောင်းကျန်းနေဆဲမို့ ပြည်သူတွေ ထွက်ပြေးနေရပြီး အလောင်းတွေ မကောက်နိုင်သေးဘဲ သေဆုံး ထိခိုက်မှု အခြေအနေတွေ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျဆုံးခဲ့တဲ့ BLACK WOLF PDF တပ်ဖွဲ့ဝင် ရဲဘော် BW Sniper ရဲ့ နာရေး/Photo - Black Wolf PDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ဘုရားလေးကုန်း #ငါးပတ်ချောင်း #လေယာဉ် #ရဟတ်ယာဉ် #BlackWolfPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ