MFP၊ သြဂုတ် - ၂၂
မကွေးတိုင်း၊ ယောဒေသ ဆောမြို့မှာ အသက်(၁၃)နှစ်အရွယ် မိန်းကလေးနှင့် မိသားစုဝင်တွေ အပါအဝင် နေအိမ်တစ်အိမ်ထဲမှာ ရှိနေသူ ခြောက်ဦးကို Yaw Defence Force – YDF (Saw) အဖွဲက ဒလန်ရှင်းလင်းရေး ခေါင်းစဉ်နဲ့ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယောဒေသ တော်လှန်ရေးအင်းအားစု ခြောက်ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းက တာဝန်ယူဖို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
သြဂုတ် (၂၁)ရက် ညပိုင်းက ဆောမြိုနေ ဦးခင်မောင်လင်းရဲ့ နေအိမ်ကို YDF(Saw) တပ်ဖွဲ့ဝင်တွေ စီးနင်းဝင်ရောက်ခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ကာ အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အိမ်ထဲမှာ ရှိနေသူ ခြောက်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အိမ်ရှင်ဖြစ်သူ ဦးခင်မောင်လင်း (၆၁-နှစ်)နှင့် ၎င်းရဲ့ဇနီး ဒေါ်ယဉ်ဌေး (၅၉-နှစ်)၊ ဦးခင်မောင်လင်းရဲ့ညီ ဦးဇော်ဌေး (၅၈-နှစ်)၊ အိမ်လည်လာရင်း တီဗီကြည့်သူ ဦးအောင်သိန်းဝင်း (၅၂-နှစ်)၊ ဦးခင်မောင်လင်းရဲ့ ချွေးမ ဒေါ်ခင်မာသက် (၃၇-နှစ်)နှင့် ဦးခင်မောင်လင်းရဲ့မြေး မသက်အေးငြိမ်း (၁၃-နှစ်)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီပစ်ခတ်မှုကြောင့် ဦးခင်မောင်ကြည် (ရပ်ကွက်နေပြည်သူ)နှင့် မောင်မြတ်ဘုန်းခန့်နိူင် (၁၇-နှစ်) တို့လည်း ဒဏ်ရာ ရခဲ့တယ်လို့ ယောဒေသ တော်လှန်ရေးအင်အားစု ခြောက်ဖွဲ့က ဖော်ပြပါတယ်။
ဒလန်ရှင်းလင်း သုတ်သင်ရေး ခေါင်းစဉ်နဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် အပါအဝင် မိသားစု တစ်စုလုံးကို သတ်ဖြတ်ပြီး ပစ္စည်းတွေ လုယက်ယူငင်ခြင်းကို YDF (SAW)က ကျူးလွန်ခဲ့တယ်လို့ ကြားသိရကြောင်း ယောဒေသ တော်လှန်ရေးအင်အားစု ခြောက်ဖွဲ့က ဖော်ပြပါတယ်။
"အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သော YDF(SAW) အဖွဲအစည်းသည် စစ်ဆေးမေးမြန်းခြင်း၊ အတည်ပြုခြင်း တစုံတရာ မရှိဘဲ အခင်းဖြစ်ပွားရာ နေအိမ်တွင် ဘောလုံးပွဲကြည့်ရန် ရောက်ရှိနေသူများ အပါအဝင် မသက် ဆိုင်သူများ ကိုပါ အဆင်ခြင်မဲ့စွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်" လို့ ယောဒေသ တော်လှန်ရေး အင်အားစု ခြောက်ဖွဲ့က ထောက်ပြပါတယ်။
အဲ့ဒီ သ-တ်-ဖြတ်မှုဟာ ယောဒေသ တော်လှန်ရေး အင်အားစုတွေနှင့် မသက်ဆိုင်ကြောင်းနှင့် သေဆုံးသူတွေအတွက် မိသားစု၊ ဆွေမျိုး ၊မိဿင်္ဂဟများ၊ ပြည်သူလူထုတို့နှင့် ထပ်တူ ဝမ်းနည်းကြေကွဲ စိတ်မကောင်း ဖြစ်ကြောင်း ယောဒေသ တော်လှန်ရေး အင်အားစု ခြောက်ဖွဲ့က ဖော်ပြပါတယ်။
“ယခုကဲ့သို့ လက်နက်အားကိုးဖြင့် အာဏာရှင်စနစ်ကို အသက်သွင်းပြီး ပြည်သူကို သ-တ်-ဖြတ်ညှင်းဆဲ ဖိနှိပ်နေသော မင်းအောင်လှိုင်နှင့် အပေါင်းအပါ စစ်ကောင်စီအဖွဲ့ဝင်များကို တော်လှန်နေသည့် အချိန်အခါတွင် မင်းမဲ့စရိုက်ဆန်စွာ ပြုမူ၍ အသက်မပြည့်သေးသော ကလေးသူငယ်များ အပါအဝင် မသက်ဆိုင်သူများကို ထိခိုက်စေခြင်း၊ သ-တ်-ဖြတ်ခြင်း၊ ပစ္စည်းများ အတင်းအဓမ္မ သိမ်းဆည်းရယူခြင်းတို့ကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်သွားသော မည်သည့် အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် သက်ဆိုင်သူများ အနေဖြင့် တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း မိမိဒေသတွင်း တော်လှန်ရေးအင်အားစု မဟာမိတ်များမှ ထုတ်ပြန် ကြေညာလိုက်သည်” လို့ ယောဒေသ တော်လှန်ရေး အင်အားစု ခြောက်ဖွဲ့က ဖော်ပြပါတယ်။
ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက်ကို ဆောမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၊ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ (LSRPDF)၊ ဆောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ (SAW-PDF)၊ The Youth Force (Saw&Kyaukhtu)၊ ကျောက်ထုဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ (K.T.U Region) နဲ့ ကိုရီးယားရောက် ယောသူ/ယောသားများ အဖွဲတိုက စုပေါင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
YDF(Saw)အဖွဲရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ယောကာကွယ်ရေးတပ် - YDF ဗဟိုက သြဂုတ် (၂၂)ရက် ရက်စွဲနဲ့ ထုတ်ပြန်ရာမှာ ဦးခင်မောင်လင်းဆိုသူဟာ စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲဝင် တစ်ဦးဖြစ်ပြီး အခင်းဖြစ်တဲ့ ညက ပျူတွေ အစည်းအဝေးလုပ်နေတယ်လို့ သတင်းရလို့ ဝင်ရောက်စစ်ဆေးရာက ပြန်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို ဖော်ပြပါတယ်။
ဒါ့အပြင် ဦးခင်မောင်လင်းဟာ စစ်သတင်းပေးလုပ်တာ၊ မူးယစ်ဆေးဝါးရောင်းတာ၊ ပြည်သူအပေါ်ငွေညှစ်တာ၊ လောင်းကစား လုပ်ကိုင်တာအပါအဝင် ကျေးရွာတွေကို မီးရှိဖျက်ဆီးရာမှာလည်း ကိုယ်တိုင်ပါဝင်သူ ဖြစ်တယ်လို YDF က ဆိုပါတယ်။
ပစ်ခတ်စီးနင်းခဲ့ရာမှာလည်း ဦးခင်းမောင်လင်းရဲ့ နေအိမ်မှ ကားနှစ်စီး၊ ဆိုင်ကယ်သုံးစီး၊ ဖုန်းသုံးလုံး၊ ငွေသားသုံးသိန်းကျပ်၊ ဆွဲကြိုးတစ်ကုံး စတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး အဲဒီ သက်သေခံပစ္စည်းတွေကို စစ်ဆေးပြီးတဲ့နောက် ပိုင်ရှင်ထံ ပြန်အပ်မယ်လို့လည်း YDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုအတွင်း အသက်မပြည့်သေးတဲ့ ဦးခင်မောင်လင်းရဲ့မြေးဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့လည်း YDF ဗဟိုက စုံစမ်းစစ်ဆေးမယ်လို ဆိုပါတယ်။
“မြေပြင်တွင် တကယ်ဖြစ်ခဲ့သော အချက်အလက်များကို အမှန်တရားအတိုင်း ဖော်ထုတ်နိုင်ရန် YDF ဗဟိုမှ စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်ပါသည်။ အကယ်၍ အောက်ခြေ တာဝန်ရှိသော တပ်ရင်းမှ သတင်းအချက်အလက်များ မှားယွင်းပေးပို့ထားခြင်း ရှိခဲ့ပါက အမှန်တရား မပျောက်ပျက်စေရန် အလို့ငှာ မြေပြင်တွင် ဖြစ်ခဲ့သောဖြစ်ရပ်များကို အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ပါသည်။ ယင်းသို့ ဖော်ထုတ်ရာတွင်လည်း အမှုမှန် ပေါ်ပေါက်နိုင်စေရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ်သွားမည် ဖြစ်သည်။ အကယ်၍ ဆောမြို့ဖြစ်ရပ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများမှ ၁။ မမှန်မကန် ထွက်ဆိုခဲ့မှုများ ပေါ်ပေါက်လာပါက၊ ၂။ မတရားကျူးလွန်ခဲ့မှုများ ရှိခဲ့ပါက၊ ၃။ တာဝန်ဝတ္တရားလုပ်ပိုင်ခွင့်ထက် ကျော်ပြီး လုပ်ကိုင်မှုများ ရှိခဲ့ပါက၊ ၄။တပ်၏ စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်လုပ်ဆောင်ခြင်းများ ရှိခဲ့ပါက ကျူးလွန်သူများအား ဖော်ထုတ်ပြီး ထိုက်ထိုက်တန်တန် အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ထို့အပြင် မတရားကျူးလွန်မှု ထင်ရှားပေါ်ပေါက်ပါကလည်း နစ်နာသွားသော မိသားစုအား YDF အနေဖြင့် ကျေနပ်သည်အထိ တောင်းပန်သွားမည်ဖြစ်ပြီး၊ ကျူးလွန်သူများကို အရေးယူသွားမည်ဟု ကတိပြုပြီး၊ နောင်တွင်လည်း အလားတူ ဖြစ်ရပ်များ မဖြစ်အောင် တားမြစ် ကာကွယ်သွားမည် ဖြစ်ပါသည်” လို့ ယောကာကွယ်ရေးတပ် - YDF (ဗဟိုဌာနချုပ်) က ထုတ်ပြန်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ယော #ဆော #YDF