မန္တလေး အိုးဘိုထောင်မှာ နိုင်ကျဥ်းတစ်ယောက်ရဲ့ ပါဆယ်ထုပ် လုယူခံရမှုကနေ ဆူပူမှုဖြစ်ပြီး နိုင်ကျဉ်း (၃၀)ခန့် အရိုက်ခံရ၊ ခုနစ်ဦး တိုက်ပိတ်ခံရပြီး နောက်ထပ်ခုနစ်ဦး ဆေးရုံတင်ရဟုဆို

မန္တလေး အိုးဘိုထောင်မှာ နိုင်ကျဥ်းတစ်ယောက်ရဲ့ ပါဆယ်ထုပ် လုယူခံရမှုကနေ ဆူပူမှုဖြစ်ပြီး နိုင်ကျဉ်း (၃၀)ခန့် အရိုက်ခံရ၊ ခုနစ်ဦး တိုက်ပိတ်ခံရပြီး နောက်ထပ်ခုနစ်ဦး ဆေးရုံတင်ရဟုဆို

MFP ၊ ဩဂုတ် - ၁၁

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဩဂုတ်လ (၉)ရက်နေ့က နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ ထောင်ဝင်စာ ပါဆယ်ထုပ်ကို အခြားအမှုနဲ့ ထောင်ကျနေတဲ့ နာမည်တူ၊ အဖေနာမည်မတူသူတစ်ယောက်က ခြိမ်းခြောက်လုယူခဲ့တဲ့အကြောင်း ရေးသားထားတဲ့ အကျဉ်းထောင်အတွင်းက စာတစ်စောင်ကို MFP က ရရှိထားပါတယ်။

ဇွန်းနဲ့ပြုလုပ်ထားတဲ့ဓားနဲ့ ခြိမ်းခြောက်ပြီးတော့ လုယက်တာဖြစ်ပြီး နိုင်ကျဉ်းက ဘာမှပြန်မပြောဘဲ အခန်းကို ပြန်လာတဲ့အချိန် အခန်းဖော်ကို အဲဒီအကြောင်း ပြောပြတော့ အခန်းဖော်နိုင်ကျဉ်းက မခံရပ်နိုင်ဖြစ်ပြီး အခြား နိုင်ကျဉ်းတွေကို ဖြစ်စဉ်အကြောင်း ပြန်လည်ပြောပြခဲ့တယ်လို့ စာမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် လူစုပြီး အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ထောင်ပိုင်လေးကို ပြောပြဖို့ ခြင်းခတ်ကွင်းက စောင့်ဆိုင်နေတဲ့အချိန် အကျဉ်းထောင်တာဝန်ရှိသူနဲ့ အခြားအမှုနဲ့ အကျဉ်းကျနေသူအချို့က ဝိုင်းရိုက်တာခံလိုက်ရတယ်လို့ အကျဉ်းထောင်အတွင်းက ပေးပို့တဲ့စာအရ သိရပါတယ်။

“ လူ (၃၀)လောက် အရိုက်ခံရ၍ (၇)ယောက်မှာ တိုက်ပိတ်ခံရပြီး (၇)ယောက်မှာ အရေးပေါ် ဆေးရုံတင်လိုက်ရပါသည် “ လို့ ဆိုပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တစ်ဦးရဲ့ပြောဆိုချက်အရတော့ ပါဆယ်ထုပ်အလုခံရတဲ့အကျဉ်းသားက ထောင်ဝန်ထမ်းကို သွားတိုင်တဲ့အခါမှာ ထောင်ဝန်ထမ်းက သေဒဏ်ပေးမှုနဲ့ပတ်သက်ပြီး အစာငတ်ခံ သပိတ်မှောက်ဆန္ဒပြတဲ့သူ အယောက် (၄၀)ကို ခေါ်ယူပြီး သံတုတ်တွေနဲ့ ရိုက်နှက်တာ၊ လေးခွတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာပြင်းထန်သူ လေးဦးအပါအဝင် ထောင်တွင်းညှင်းပန်းခံရတဲ့သူတွေကို ထောင်တွင်းဆေးကုသမှုခံယူဖို့ မလုံလောက်တာကြောင့် အယောက် (၂၀)ခန့်ကို အပြင်ခေါ်သွားပြီး နောက်ထပ်သတင်းတွေ ထပ်မကြားရသေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အပေါ် MFP အနေနဲ့ အသေးစိတ်သိရှိနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လက်ရှိ အိုးဘိုထောင်မှာ ထောင်ဝင်စာကို လူကိုယ်တိုင်တွေ့ခွင့်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်က သေဒဏ်ပေးခံထားရတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ဇူလိုင်လ (၂၄)ရက်မှာ ကြိုးပေးစီရင်လိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်ပြီးတဲ့နောက် ဩဂုတ်လ (၁)ရက်နေ့ကစပြီး မန္တလေး အိုးဘိုအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားအချို့က အစာအငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား (၂၀)ဦးခန့်ရှိနေပြီး သူတို့ကို ဩဂုတ်လ (၂)ရက်စလို့ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ လည်ပင်းဆိုဒ်၊ ဆီးချိုသွေးချို စတာတွေ တိုင်းတာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #ပါဆယ်ထုပ်လု #နှိပ်စက်ညှင်းပန်း #အစာငတ်ခံတိုက်ပွဲဝင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ