မန္တလေးမြို့က နိုက်ကလပ်တွေ တန်ဆောင်တိုင်ကာလ ယာယီ ပိတ်ပေးဖို့ မန္တလေး UG တွေ သတိပေး၊ နိုက်ကလပ်တချို့က ယာယီ ပိတ်မယ်လို့ ထုတ်ပြန်၊

မန္တလေးမြို့က နိုက်ကလပ်တွေ တန်ဆောင်တိုင်ကာလ ယာယီ ပိတ်ပေးဖို့ မန္တလေး UG တွေ သတိပေး၊ နိုက်ကလပ်တချို့က ယာယီ ပိတ်မယ်လို့ ထုတ်ပြန်၊

MFP ၊ နိုဝင်ဘာ - ၃

စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်လှစ်နေတဲ့ မန္တလေးမြို့က နိုက်ကလပ်တွေ၊ ဘားတွေကို နိုဝင်ဘာ (၇) ရက် တန်ဆောင်မုန်း လပြည့်အထိ ယာယီပိတ်ထားကြဖို့ မန္တလေး UG တွေက သတိပေးလိုက်ပြီးနောက် နိုက်ကလပ်တချို့က ယာယီပိတ်ထားမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

Night Club တွေဟာ အကြမ်းဖက်စစ်တပ် အလိုကျ တိုင်းပြည်အေးချမ်းနေတဲ့ ပုံစံနဲ့ ပါတီပွဲတွေ လုပ်ပေးနေတဲ့အတွက် နိုဝင်ဘာ (၇) ရက်အထိ မဖွင့်လှစ်ကြဖို့ Anonymous Force MDY နဲ့ မဟာမိတ်အဖွဲ့တွေက နောက်ဆုံးအကြိမ် သတိပေးပါတယ်ဆိုပြီး နိုဝင်ဘာ (၁) ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေး UG တွေက ကလပ်တွေကို နာမည်တပ် သတိပေးထားပြီး အဲ့ဒီအထဲက တချို့က ဆိုင်ပြင်ပြုမှာမို့ ယာယီ ပိတ်ထားမယ်လို့ ကြေညာပေမယ့် အများစုကတော့ ပုံမှန်အတိုင်း ဆက်လက်ဖွင့်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ သူတို့က ညတိုင်း မရိုးရအောင် ပွဲတွေရှိနေကြတာ၊ တစ်ပတ်တစ်ခါလည်း ဟိုပွဲဒီပွဲဆိုပြီး ခေါင်းစဉ်တပ် လုပ်နေတာပဲ၊ များသောအားဖြင့်ကတော့ ရေပေါ်ဆီတွေ၊ စစ်ခွေးမိသားစုတွေနဲ့ စပွန်ဆာရှာချင်သူတွေ သွားကြတာများတယ်၊ ဒီလို တစ်တိုင်းပြည်လုံး သေကြေပျက်စီးနေတဲ့အချိန် ဘယ်လိုစိတ်မျိုးနဲ့ သွားပြီး ကခုန်နေကြတာလဲဆိုတာ စဉ်းစားမရဘူး “ လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

မန္တလေးတိုင်းထဲက ကလပ်တွေ၊ ဘားတွေ၊ KTV တွေကို အလွန်အကျူး မလုပ်ကြဖို့ ပြောက်ကျားတပ်ဖွဲ့တွေက မကြာခဏ သတိပေးလေ့ရှိပြီး ဗုံးထုခံရတာရှိသလို စစ်အုပ်စု သွားလေ့ရှိတဲ့ KTV တွေကတော့ မကြာခဏ တိုက်ခိုက်ခံရတာတွေ ရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NightClub 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ