UG အဖြစ် တိုက်ပွဲဝင်ရင်း ရဲဘော်(၁၄)ဦး ကျဆုံးကာ ခြောက်ဦး ဖမ်းဆီးခံထားရလို့ GZP Mandalay ထုတ်ပြန်

UG အဖြစ် တိုက်ပွဲဝင်ရင်း ရဲဘော်(၁၄)ဦး ကျဆုံးကာ ခြောက်ဦး ဖမ်းဆီးခံထားရလို့ GZP Mandalay ထုတ်ပြန်

MFP ၊ စက်တင်ဘာ - ၁၂

မန္တလေးမြို့ အခြေစိုက် အားကောင်းတဲ့ UG အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Generation Z Power - GZP ( Mandalay ) က နွေဦးတော်လှန်ရေးကာလ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း အဖွဲ့ဝင် ရဲဘော် (၁၄) ဦး ကျဆုံးခဲ့ကာ ခြောက်ဦး ဖမ်းဆီးခံထားရတယ်လို့ ဒီနေ့ရက်စွဲနဲ့ ပြည်သူကို အသိပေး ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ပြ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ GZP အဖွဲ့ဟာ စစ်အာဏာသိမ်းပြီး တစ်လကျော်အကြာ ၂၀၂၁ မတ်(၂၇)ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး စစ်အုပ်စုကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်လာတာ တစ်နှစ်ခွဲ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

GZP အဖွဲ့ ဖွဲ့စည်း တည်ထောင်ပြီးနောက် ဖက်ဆစ်တပ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော် (၁၄)ဦးအနက် တာဝန်မှူး ကိုဖြိုး၊ ရဲဘော် ပစ်ကြီး၊ ရဲဘော် ပါကျဲ၊ ရဲဘော် တေမိ၊ ရဲဘော် ရဲရဲ၊ ရဲဘော် ရဲရင့်၊ ရဲဘော် ထက်ကြီး၊ ရဲဘော် နိုင်ကြီး တို့ ရှစ်ဦး ကျဆုံးခဲ့တာ ကိုးလပြည့်မြောက်ပြီ ဖြစ်ပြီး တာဝန်မှူး မဟာဇော်၊ ရဲဘော် ကိုသိန်း၊ ရဲဘော် ဇာကြီး၊ ရဲဘော် ဝဏ္ဏ၊ ရဲဘော် သူရ၊ ရဲဘော် ဝေဖြိုး၊ ရဲဘော် မိဘို၊ ရဲဘော် ကိုပိုင်တို့ ကျဆုံးခဲ့တာလည်း လေးလပြည့်တော့မယ်လို့ GZP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက် ဖက်ဆစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ GZP တပ်ဖွဲ့ဝင် ရဲဘော်တွေလည်း ခြောက်ဦးခန့် ရှိတယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ရဲဖက်တွေကို အာဇာနည် သူရဲကောင်းတွေအဖြစ် အထူးဝမ်းနည်းကြေကွဲစွာနဲ့ အလေးနီပြုပြီးတော့ အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တော်လှန်ပုန်ကန်သွားမှာ ဖြစ်တယ်လို့ ကတိသစ္စာ ပြုကြောင်းလည်း GZP က ထုတ်ပြန်ပါတယ်။

GZP အဖွဲ့ဟာ မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုနှင့် အဆသ်အနွှယ်တွေကို ပြောက်ကျားတိုက်ခိုက်မှု အများဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ မြို့ပြပြောက်ကျားအဖွဲ့ ဖြစ်ပြီး စစ်အုပ်စုကလည်း GZP အဖွဲ့ကို အညှိုးထားကာ ဖမ်းဆီး သ-တ်ဖြ-တ်နေပါတယ်။

စစ်အုပ်စုက လက်နက်အင်အား၊ လူအင်အား အများအပြားသုံးကာ ရပ်ကွက်တွေ လမ်းတွေ ပိတ်ဆို့စစ်ဆေး၊ သူသျှိုတွေထည့်၊ UG အဖွဲ့ အတုအယောင်တွေ ဖွဲ့စည်းပြီး ဖြိုခွင်းဖို့ ကြိုးစားနေပေမယ့် GZP ကတော့ လက်ရှိအချိန်ထိ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

GZP ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စု အထိနာတဲ့ ဖြစ်စဉ်တချို့နှင့် GZP အဖွဲ့ဝင်တွေကို ဖမ်းမိကြောင့် စစ်အုပ်စုက သတင်းဖြန့်စဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #GZPMandalay #မြို့ပြပြောက်ကျားတပ်ဖွဲ့ #UG

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ