MFP ၊ သြဂုတ် - ၉
မုံရွာမြို့ သပြေပင်စု ကျေးရွာအနီးက GOD of SNAKE (GoS) တပ်ဖွဲ့စခန်း မနေ့ မနက်ပိုင်းက စီးနင်းခံရပြီး စခန်း မီးရှို့ဖျက်ဆီးခံရသလို တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးခဲ့ရတယ်လို့ GOS က သတင်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ဖမ်းဆီးခံထားရတဲ့ GOS တပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦးကို လမ်းပြခိုင်းကာ စခန်းကို စီးနင်းခဲ့တာ ဖြစ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးချိန်မှာ လမ်းပြအဖြစ် ခေါ်လာတဲ့ ရဲဘော်နှစ်ဦးကိုပါ ရိုက်နှက် သ-တ်-ဖြတ်သွားတယ်လို့ ဆိုပါတယ်။
“စကစ အကြမ်းဖက်များမှ မိမိတို့ စခန်းအား အကြမ်းဖက် ဝင်ရောက် စီးနင်းမှု ဖြစ်စဉ်တွင် မိမိတို့ God Of Snake (GOS) မှ ရဲဘော်ကိုဖက်တီး၊ ရဲဘော်ကိုသွေးကြော၊ ရဲဘော်ကိုဒေးဗစ် တို့သည် စစ်အာဏာရှင်စခနစ် အမြစ်ဖြတ်ရေး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရပါသည်။ မိမိတို့ GOS အနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းလျှက် အာဇာနည် သူရဲကောင်းများအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ပါသည်” လို့ GOS က ဖော်ပြပါတယ်။
ဩဂုတ်(၈)ရက် မနက်(၆)နာရီက မုံရွာစီးပွားရေး တက္ကသိုလ်ထဲ စီးနင်းအထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုက အင်အား (၄၀)လောက်ဟာ မြို့ရှောင်လမ်းကတဆင့် အရှေ့ဘက်ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင်ထုင်နေတဲ့ ဒေသခံတစ်ဦးကို ဓားစာခံလမ်းပြအဖြစ် ဖမ်းပြီးနောက် အဲ့ဒီကတဆင့် သပြေပင်စု ရွာကို စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ကြောင်း၊ သပြေပင်စုရွာ အနီးက PDF စခန်းတစ်ခုကို စစ်အုပ်စုက စီးနင်းရာ စခန်းနှင့် ကိုက်(၂၀၀)ခန့်အကွာမှာ အပြန်အလှန် ပစ်ခက်မူဖြစ်ခဲ့ပြီး လက်နက်အင်အား၊ လူအင်အား အသာစီး ရထားတဲ့ စစ်အုပ်စုက စခန်းကို စီးနင်းနိုင်ခဲ့တာလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားချိန် (၄၀မမ)တွေနဲ့ ပစ်ခတ်စီးနင်းခဲ့ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို သူတို့နှင့်အတူ ပါလာတဲ့ လက်ထိပ်ခတ်ထားတဲ့ အမျိုးသား နှစ်ဦးနှင့် ပစ်ခတ်မှုအပြီး ဖမ်းမိတဲ့ အမျိုးသား တစ်ဦး၊ စုစုပေါင်း အမျိုးသား သုံးဦးကို ဦးခေါင်းတွေ ကွဲထွက်သည်ထိ ရိုက်နှက် သတ်ဖြတ်ကာ အလောင်းတွေကို မြေမြုပ် ဖုံးဖိထားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုဟာ စခန်းထဲက ရလာတဲ့ လက်လုပ်သေနတ်တွေ၊ ဆိုင်ကယ်တွေနှင့်အတူ သပြေပင်စုရွာထဲ ဝင်မွှေလုယက်ကာ ဆန်တွေ ခိုးယူပြီးနောက် တဲသာရွာ အနောက်ဘက်ကတဆင့် ဇလုပ်ရွာဘက် ပြန်လာပြီး အသင့်စောင့်နေတဲ့ ခွေးကားနှစ်စီးနဲ့ ခိုးရာပါ ပစ္စည်းတွေ တင်ဆောင်ကာ မုံရွာမြို့ထဲ ပြန်ဝင်သွားတယ်လို့ မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။
“ကျဆုံးသွားသော အာဇာနည်ရဲဘော် ကိုဖက်တီး၊ အာဇာနည်ရဲဘော် ကိုသွေးကြော၊ အာဇာနည်ရဲဘော် ကိုဒေးဗစ် တို့၏ စွန့်လွှတ်ပေးဆပ်မှုအတိုင်း အာဏာရှင်စခန် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တာဝန်များကို မိမိတို့ God Of Snake မှ ရဲဘော်များသည် ဆက်လက် တာဝန်ယူ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုအပ်ပါသည်” လို့ GOS က ဖော်ပြပါတယ်။
GOS စခန်း စီးနင်းခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ သြဂုတ်(၈)ရက် နံနက်(၉)နာရီခန့်က မုံရွာမြိုနယ်၊ သပြေပင် ကျေးရွာ အနီးရှိ PDF စခန်းတစ်ခုကို ဝင်းရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ သုံးဦးနှင့်အတူ လူနေတဲ နှစ်လုံး၊ လက်လုပ်သေနတ် (၂၄)လက်၊ လက်လုပ်စိန် ပြောင်း လေးလက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး နှစ်လုံး၊ လက်လုပ်မိုင်းမျိုးစုံ (၆၅)လုံး၊ ယမ်းကြိုး ခွေ တစ်ခွေနှင့် လမ်းလျှောက်စကားပြောစက် တစ်လုံး သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ဖုန်းနှင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက်၊ သောင်းကျန်း သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။
မုံရွာမြို့ သပြေပင်စုရွာအနီးက GOS စခန်းကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ စီးနင်း မီးရှို့ ဖျက်ဆီးသွားစဉ်/Photo – S
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #GOS #GodOfSnake #စခန်း #ရဲဘော်