မန္တလေးက ပညာရေးသပိတ်ဦးဆောင်သူ ဆရာမဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက မျက်ကွယ်ထောင်ဒဏ် ငါးနှစ်ချမှတ်

မန္တလေးက ပညာရေးသပိတ်ဦးဆောင်သူ ဆရာမဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက မျက်ကွယ်ထောင်ဒဏ် ငါးနှစ်ချမှတ်

MFP ၊ ဩဂုတ် - ၂၃

မန္တလေးမြို့က ပညာရေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အထက်တန်းပြဆရာမ ဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက ဩဂုတ်လ (၁၇)ရက်နေ့မှာ မျက်ကွယ်ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်တယ်လို့ အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကောင်မတီ (BEGSC)က သတင်းထုတ်ပြန်ပါတယ်။

အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကောင်မတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃၀)ရက်၊ ည (၁၀)နာရီခန့်မှာ မန္တလေးမြို့ပေါ်က Safe House နေအိမ်တစ်လုံးမှာ အခြား BEGSC ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ကိုနောင်ထက်အောင်၊ ဆရာ နိုင်းသီဟကျော်၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင် အထက်တန်းပြဆရာ ရန်စိုးပိုင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ကို ချမ်းအေးသာစံမြို့နယ် တရားရုံးက အကြမ်းဖက်ပုဒ်မ ၅၂(က)၊ အောင်မြေသာစံမြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဆယ်လအကြာမှာ အကြမ်းဖက်ပုဒ်မအတွက် ထောင်ဒဏ် ငါးနှစ်ကို မျက်ကွယ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆရာမကို အိုးဘိုအကျဉ်းထောင်မှာ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

“ ယခုလက်ရှိတွင် ဆရာမဒေါ်သက်ဆုလှိုင်သည် ပြစ်ဒဏ်တိုက်တွင်မဟုတ်ဘဲ ပုံမှန်တိုက်ဆောင်တွင်ရောက်ရှိနေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟုသိရသည် “ လို့ BEGSC က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ ဩဂုတ်လ (၁၀)ရက်နေ့မှာ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ကိုနောင်ထက်အောင်ကို ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် သုံးနှစ်ချမှတ်ထားတယ်လို့ ဗကသများအဖွဲ့ချုပ်ဆီက သိရပါတယ်။

ဩဂုတ်လ (၁၁)ရက်မှာ ဆရာ နိုင်းသီဟကျော်နဲ့ ကိုရန်စိုးပိုင်တို့ကို မဟာအောင်မြေတရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် မျက်ကွယ်ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီး ဩဂုတ်လ (၁၇)ရက်မှာပဲ ဆရာ နိုင်းသီဟကျော်ကို အကြမ်းဖက်ပုဒ်မ ၅၂(က)အတွက် မျက်ကွယ်ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သေးတယ်လို့ BEGSC က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၈)ရက်နေ့ကလည်း အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အထက်တန်းပြဆရာ ဦးစိုးသူရကျော် (ခ) ကဗျာဆရာ သာသျှားကို အကြမ်းဖက်ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ငါးနှစ်၊ ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရပါသေးတယ်။

မျက်ကွယ်ထောင်ဒဏ်ဆိုတာ တရားလိုစစ်ဆေးတာ၊ စွဲချက်တင်တာ စတဲ့ တရားရေးလုပ်ထုံးလုပ်နည်းတွေအတိုင်း ပြုလုပ်တာမဟုတ်ဘဲ စစ်အုပ်စုဘက်က တဖက်သတ်စွပ်စွဲပြီး ထောင်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပညာရေးဝန်ထမ်း #မျက်ကွယ်ထောင်ဒဏ်ချမှတ် #ပညာရေးသပိတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ