မန္တလေး PDF က တပ်ဖွဲ့ဝင် အသစ်တွေ ခေါ်ယူနေ၊

မန္တလေး PDF က တပ်ဖွဲ့ဝင် အသစ်တွေ ခေါ်ယူနေ၊

MFP ၊ စက်တင်ဘာ - ၉

စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖယ်ရှားဖို့ နဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က တပ်ဖွဲ့ဝင် အသစ်တွေ ခေါ်ယူနေပြီလို့ ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းကို အခြေပြုဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) - မန္တလေး PDF တပ်ဖွဲ့မှာ မန္တလေး သာမက စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ရန်ကုန် အပါအဝင် ပြည်နယ်နဲ့ တိုင်း အသီးသီးက တော်လှန်ရေး ရဲဘော်တွေ ပါဝင်နေကြတယ်လို့ ဆိုပါတယ်။

“ရဲဘော်သစ်အတွက်က အသက် (၁၈)နှစ် ပြည့်ပြီး ရောဂါ ကင်းရှင်းရမယ်ဆိုရင် ရပြီ“ လို့ မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုးကြိုးက MFP ကို ပြောပါတယ်။

အားကောင်းတဲ့ အဆင့်ဆင့်ကွပ်ကဲမှု ၊ တိကျတဲ့ အမိန့်နာခံမှု ၊ စနစ်ကျတဲ့ စုဖွဲ့မှုတွေနဲ့ တိုက်ပွဲဝင်လိုတယ် ဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နဲ့အတူ လက်တွဲကြဖို့ လူငယ်တွေကို ဖိတ်ခေါ်ထားပြီး Facebook Page ကနေ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက မေမြို့နှင့် နောင်ချို အပါအဝင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်သ နေရာတွေမှာ မန္တလေး PDF နှင့် စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး အဲ့ဒီ တိုက်ပွဲ ဖြစ်စဉ်တွေမှာ စကစ (၁၀၀)ဝန်းကျင်အထိ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မန္တလေး PDF က ဆိုပါတယ်။

တိုက်ပွဲတိုင်း စစ်အုပ်စု အထိနာနေချိန် စစ်အုပ်စု လက်အောက်က ရုန်းထွက်ပြီး CDM ဝင်လိုသူတွေ ရှိပါကလည်း နွေးထွေးစွာ ကြိုဆိုမယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင် ရဲဘော်တချို့/Photo – မန္တလေး PDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MDYPDF #မန္တလေးPDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ