ဝက်လက်နယ် ထန်းကြီးရွာကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့နေ၊ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတွေက ဝက်လက်နှင့် မတ္တရာနယ်က ရွာတွေကို လက်နက်ကြီးနဲ့ ထု၊

ဝက်လက်နယ် ထန်းကြီးရွာကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့နေ၊ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတွေက ဝက်လက်နှင့် မတ္တရာနယ်က ရွာတွေကို လက်နက်ကြီးနဲ့ ထု၊

MFP ၊ နိုဝင်ဘာ - ၁၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က အိမ်ခြေ (၃၀၀)ကျော်ရှိတဲ့ ထန်းကြီးရွာကို စစ်အုပ်စုက စီးနင်းလုယက် ဓားပြတိုက်ပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

“ခွေးတွေ မီးရှို့လို့ ထန်းကြီးရွာ တနက်လုံး မီးလောင်နေပါတယ်။ ရွာလုံးကျွတ်ပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဧရာ၀တီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတွေကလည်း ဝက်လက်နယ် ရှိမ်းမကားရွာအနီးက စတင်ပြီး မြစ်ရိုးတလျှောက်ကရွာတွေကို လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

“ခွေးသင်္ဘောတွေ ပြန်စုန်လာပြီး ရမ်းသမ်းပစ်နေပါတယ်။ ရှိန်းမကား အောက်ကတည်းက တန်းပစ်လာတာပဲ။ မြစ်ရိုးတလျှောက်က ရွာတိုင်းကို အကြောင်းမဲ့ပစ်တာ။ ခွေးသင်္ဘော ဆင်းလာကတည်းက မြစ်ကမ်းဘေး ရွာတိုင်းက ပြေးကြရတာ” လို့ စစ်အုပ်စု သောင်းကျန်းလို့ ထွက်ပြေးနေရတဲ့ မတ္တရာနယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်တိုက်၊ တရစပ် ပစ်ခတ်နေတာ ဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်ပေမယ့် ပြည်သူတွေ ထွက်ပြေးနေရလို့ အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတွေဟာ မြစ်ကမ်းကပ်နိုင်ချိန်မှာ အနီးဆုံးရွာကို လုယက် ဓားပြတိုက်ပြီး မြစ်ကြောင်းအတိုင်း သွားလာချိန်မှာ ကမ်းရိုးက ရွာတွေကို ပစ်ခတ် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတစ်စီး/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ဝက်လက် #ထန်းကြီးရွာ #မီးရှို့ #မတ္တရာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ