MFP ၊ အောက်တိုဘာ - ၁၃
မန္တလေး ကျုံးဘေးမှာ ပြုလုပ်ခဲ့တဲ့ သတင်းကျွတ် မီးထွန်းပွဲ လာရောက်လည်ပတ်သူ မရှိဘဲ အောင်မြင်မှု မရခဲ့ပေမယ့် စစ်အုပ်စုက မေမြို့ ပန်းပွဲတော်နဲ့ ကျောက်ဆည် ဆင်ပွဲတွေကို ဆက်လုပ်ဖို့ စီစဉ်နေတယ်လို့ သတင်း ရရှိပါတယ်။
မန္တလေးမြို့ခံတွေ လာရောက် ပျော်ပါးကြဖို့ စည်းရုံးပြီး ငွေကုန်ကြေးကျခံ၊ အပင်ပန်းခံပြီး မန္တလေး ကျုံးဘေးမှာ လုပ်ခဲ့တဲ့ သီတင်ကျွတ် မီးထွန်းပွဲ လာလည်သူ မရှိဘဲ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်ခဲ့ပေမယ့် စစ်အုပ်စုက အမှတ်မထားဘဲ မန္တလေးမြို့အနီး မေမြို့နှင့် ကျောက်ဆည်မှာ ရိုးရာပွဲတွေကို ငွေကုန်ကြေးကျခံပြီး ထပ်မံ ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
(၁၅) ကြိမ်မြောက်အဖြစ် ကျင်းပမယ့် မေမြို့ ပန်းပွဲတော်ကို နှစ်စဉ် ကျင်းပရက်ဖြစ်တဲ့ ဒီဇင်ဘာ(၁၅) ရက်ကနေ ဇန်နဝါရီ(၁၅) ရက်အထိ တစ်လကြာ ကျင်းပမှာ ဖြစ်ပြီး ပန်းပွဲတော်နှင့်အတူ စတိတ်ရှိုးပွဲနှင့် ဈေးရောင်းပွဲတွေလည်း ထည့်သွင်းမယ်လို့ သတင်းကြားကြောင်း မြို့ခံတွေက ဆိုပါတယ်။
“ ပန်းပွဲတော်မှာ ပန်းပြတာတွေအပြင် အဆိုတော်တွေရဲ့ စတိတ်ရှိုးတွေလည်း ပါမယ်။ ဈေးပွဲတော်တွေလည်း ပါမယ်ပေါ့။ အရင်နှစ်တွေကတော့ ဝင်ကြေးနဲ့ အခြားဈေးနှုန်းတွေ ဈေးကြီးပေမယ့် လူတွေက တော်တော်များများ လာတတ်ကြတယ်။ အခု စစ်အုပ်စုက ပျော်ပွဲရွှင်ပွဲတွေကို တောက်လျောက်လုပ်နေတာဆိုတော့ လာတဲ့သူလည်း ရှိချင် ရှိမှာပေါ့ “ လို့ မေမြို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မေမြို့ ပန်းပွဲတော်ကို ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်မှုနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေတွေကြောင့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာတော့ မကျင်းပနိုင်ခဲ့ပါဘူး။
လက်ရှိမှာ မေမြို့ ပန်းပွဲတော် ဈေးရောင်းပွဲအတွက် ပွဲစီစဉ်သူတွေက ဆိုင်ခန်းတွေ စတင်ရောင်းချနေပြီဖြစ်ကြောင်းလည်း သူက ထပ်လောင်း ပြောဆိုပါတယ်။
အလားတူပဲ သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပနေကြဖြစ်တဲ့ ကျောက်ဆည်ဆင်ပွဲတော်ကိုလည်း စစ်အုပ်စုက ဦးစီး ပြုလုပ်မှာ ဖြစ်ပြီး လက်ရှိမှာ ဆင်အကပြိုင်ပွဲဝင်ဖို့ ဆင်အသင်းတွေကို ငွေပေးခိုင်းစေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျောက်ဆည် ဆင်ပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄) ရက်မှာ ဆင်အကပြိုင်ပွဲနဲ့ လပြည့်နေ့မှာ ဆင်လှူပွဲကို ပြုလုပ်နေကြဖြစ်ပေမယ့် ဒီနှစ်မှာတော့ စစ်အုပ်စုက သီတင်းကျွတ်လပြည့်ကျော် (၁၃) ရက်မှာ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ကောက်ခါငင်ခါ စီစဉ်လိုက်တဲ့ သဘောလည်း ရှိမယ်၊ နောက်ပြီး ပွဲမစည်မှာလည်း စိုးတော့ လာပြိုင်တဲ့ အဖွဲ့တွေကို ငွေကြေးထောက်ပံ့မယ်လို့လည်း ပြောနေတယ်။ ၂၀၁၉ ခုနှစ်မှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့အဖွဲ့တွေ အားလုံးကို မပြိုင်မနေရလို့လည်း ပြောတယ် “ လို့ ဆင်အကအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။
ကျောက်ဆည်ဆင်ပွဲကိုလည်း ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးပြုလုပ်ခဲ့ပြီး ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ မကျင်းပနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
မန္တလေး ကျုံးဘေးမှာ လုပ်တဲ့ သီးတင်းကျွတ် မီးထွန်းပွဲမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ပေမယ့် စစ်အုပ်စုက ရိုးရာပွဲတွေကို အသုံးချပြီး နိုင်ငံတဝန်း တည်ငြိမ်အေးချမ်း၊ သာယာပျော်ရွှင်နေသယောင် ဝါဒဖြန့်ဖို့ အခုလို ငွေကုန်ကြေးကျခံပြီး ပွဲတွေ လိုက်လုပ်နေတာ ဖြစ်မယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
၂၀၁၉ က ကျင်းပခဲ့တဲ့ မေမြို့ ပန်းပွဲတော် /Photo - မေမြို့ပန်းပွဲတော်
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ပန်းပွဲတော် #ကျောက်ဆည်ဆင်ပြိုင်ပွဲ