မန္တလေးက အထူးကုဆရာဝန်ကြီးတွေ အပါအဝင် CDM ကျန်းမာရေး ဝန်ထမ်း (၃၀)ကျော် ဖမ်းဆီးခံရ၊ ဆေးကုပေးမှု၊ PDF ထောက်ပံ့မှု စွပ်စွဲချက်နဲ့ စစ်အုပ်စုက ပိုက်စိပ်တိုက် ဖမ်းနေ၊

မန္တလေးက အထူးကုဆရာဝန်ကြီးတွေ အပါအဝင် CDM ကျန်းမာရေး ဝန်ထမ်း (၃၀)ကျော် ဖမ်းဆီးခံရ၊ ဆေးကုပေးမှု၊ PDF ထောက်ပံ့မှု စွပ်စွဲချက်နဲ့ စစ်အုပ်စုက ပိုက်စိပ်တိုက် ဖမ်းနေ၊

MFP ၊ နိုဝင်ဘာ - ၃

မန္တလေး ဆေးတက္ကသိုလ် ကထိက နှင့် အထူးကုဆရာဝန်ကြီးတွေ အပါအဝင် မန္တလေးမြို့က CDM ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း (၃၀)ကျော် ယခုရက်ပိုင်းအတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတယ်လို့ နီးစပ်သူ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၂၇)ရက်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်၊ ပုလဲ - ဂန့်ဂေါလမ်းမှာ စစ်အုပ်စုက ခြောက်ဘီးကားတစ်စီးကို ဖမ်းဆီးငွေညှစ်ရာကနေ ကားပေါ်မှာ မေ့ဆေးစက်တွေ့ရှိပြီးနောက် PDF တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်၊ PDF ထောက်ပံ့နေသူတွေကို ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မန္တလေးက CDM ကျန်းမာရေးဝန်ထမ်းတွေကို ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ပုလဲ - ဂန့်ဂေါလမ်း ကားပေါ်မှာ ဆေးဝါးပစ္စည်းတွေ ဖမ်းမိရာကနေ ဆက်စပ်ပြီ အောက်တိုဘာ(၂၉)ရက်မှာ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာန ကထိက၊ CDM ဆရာဝန် အပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ငါးဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် နောက်ဆက်တွဲအဖြစ် အောက်တိုဘာ(၃၀)နှင့် (၃၁)ရက်တွေမှာ မန္တလေးမြို့က အထူးကုဆရာဝန်ကြီး လေးဦးကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ အဲ့ဒီကတဆင့် နောက်ထပ် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း (၂၀)ကျော် ထပ်ဖမ်းတယ်လို့ သတင်းကြားရကြောင်း နီးစပ်သူတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရကြောင်း လတ်တလော အတည်ပြုနိုင်သူတွေဟာ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပြီးသူတွေ ဖြစ်တဲ့ မန္တလေးဆေးရုံကြီး CDM သူနာပြု မဇင်မာဝင်း (ခ) သူဇာကို၊ မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ဌာန ကထိက ၊ CDM ဆရာဝန် ဒေါက်တာ မင်းဇော်ဦး (ခ) နေမျိုးဦး၊ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ CDM သားဖွားဆရာမ ဒေါ်ပိုးသန္တာအောင်၊ မန္တလေး ခုတင်(၃၀၀)သင်ကြားရေးဆေးရံ CDM သူနာပြု ဆရာမတွေဖြစ်တဲ့ ဒေါ်ကြည်သဒ္ဒါဖြူနှင့် ဒေါ်ယွန်းနန္ဒာထွန်းတို့ ငါးဦး၊ နောက်ထပ် အောက်တိုဘာ(၃၁)ရက်မှာ ထပ်မံ ဖမ်းဆီးခံရတဲ့ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာ စီစီမြင့်၊ နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာ မိုးသန္တာလင်းနှင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် အမျိုးသမီးနှင့် အစာအိမ်၊ အူလမ်းကြောင်း အထူးကုဆရာဝန် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

"ပထမ သူတို့(စစ်အုပ်စု)က PDF ကို ဆေးဝါးထောက်ပံ့မှုနဲ့ ငါးယောက် ဖမ်းမိတယ်လို့ သတင်း ထုတ်ထားတာ ရှိတယ်။ အဲ့တာနဲ့ ဆက်စပ်ပြီး နောက်ထပ် အထူးကုဆရာဝန်ကြီး လေးယောက်ကို ထပ်ဖမ်းတယ်။ အဲ့ဒီ ထပ်အဖမ်းခံရတဲ့ အထူးကုဆရာဝန်ကြီး လေးယောက်ထဲက တစ်ယောက်ဆိုရင် သူတို့ ကနဦး ဖမ်းလိုက်တဲ့ ငါးယောက်ထဲက တစ်ယောက်က အစာအိမ်ရောဂါဖြစ်လို့ ဆေးကုပေးနေတာကြောင့် အဖမ်းခံရတာလို့ ကြားတယ်။ သူ့ဆေးမှတ်တမ်း တွေ့သွားပြီး မေးစရာရှိလို့ လာခဲ့ပါဦး ခေါ်လို့ သွားတာကို ဖမ်းထားလိုက်တာတဲ့" လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

အောက်တိုဘာ(၃၁)ရက်က အထူးကုဆရာဝန်ကြီးတွေ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာ(၁)ရက်နှင့် (၂)ရက်မှာ စစ်အုပ်စုက နောက်ထပ် CDM ကျန်းမာရေးဝန်ထမ်း (၂၄)ယောက်ကို ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ မန္တလေး မြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

"(၃၁)ရက် ညက ဆရာဝန်မကြီး OG Dr.Si Si Myint နဲ့ ENT က Dr.Moe Thidar Lin တို့ အဖမ်းခံရကြောင်း။ မနေ့က အဲ့ဘက်နဲ့ ဆက်စပ်ပြီး ကျန်းမာရေးဝန်ထမ်း (၂၄)ယောက် ထပ်အဖမ်းခံလိုက်ရကြောင်း။ Dr. Min Zaw Oo အပါအဝင် ငါးယောက် အဖမ်းခံရတဲ့ Caseနဲ့ ဆက်စပ်ပြီး ဖမ်းတာဖြစ်ကြောင်း။.....။ အခုသူတို့နဲ့ ဆေးခန်းပြရမယ့်သူတွေတောင်မှ အခြားနဲ့ ပြနေရတယ်လို့ သိရပါတယ်။မနေ့က ပါသွားတဲ့ (၂၄)ယောက်ဆိုတာကလည်း OG၊ Ortho၊ Medical က ဆရာဝန်တွေနဲ့ သူနာပြုတွေအဓိက ဖမ်းသွားတာလို့ သိရပါတယ်" လို့ Vomdy က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ သူတို့ ဖမ်းဆီးထားတဲ့ အထူးဆရာဝန်ကြီးတွေ ဆေးခန်းထိုင်တဲ့ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း နှစ်ရက်ဆက် စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ပြီး ကုသပေးခဲ့တဲ့ လူနာတွေနဲ့ ရောဂါရာဇဝင် နောက်ကြောင်းလိုက်တာတွေ လုပ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အုပ်စုရန်ကြောင့် မန္တလေးက CDM ကျန်းမာရေး ဝန်ထမ်းတွေ ရှောင်တိမ်းနေရပြီး မန္တလေးက ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာလည်း ကုသနေကျ ဆရာဝန်တွေ မရှိတဲ့အတွက် လူနာတွေ လာရောက်တာ နည်းသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ပိုက်စိပ်တိုက် ဖမ်းဆီးနေလို့ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက် အတိအကျ သိဖို့ကိုပင် ခက်ခဲနေပြီး စုစုပေါင်း (၃၀)ကျော် မယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

မနေ့က နိုဝင်ဘာ(၂)ရက်မှာ PDF တွေကို ထောက်ပံ့တဲ့၊ PDF တွေကို ဆေးကုပေးတဲ့ ကျန်းမာရေး ဝန်ထမ်း (၂၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး PDF တွေကို ဆေးကုပေးရာမှာ အသုံးပြုတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ (၅၄)လမ်းနှင့်၊ (၅၅)လမ်းကြားက ခရစ်ယာန် မိဘမဲ့ကျောင်းကိုပါ ချိတ်ပိတ်ခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ မနေ့က ညနေ(၅)နာရီကျော်က စတင်ပြီး အထက်ပါ ခရစ်ယာန် မိဘမဲ့ကျောင်းကို စီးနင်းဝင်မွှေသောင်းကျန်းကာ ကလေးတွေကို မောင်းထုတ်ပြီးနောက် ကျောင်းကို ချိတ်ပိတ်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပုလဲ - ဂန့်ဂေါ လမ်းမှာ ဆေးဝါးတွေ ဖမ်းမိရာကနေ ဆက်စပ်ဖမ်းမိတဲ့ CDM ဆရာဝန်နှင့် သူနာပြု ဆရာမတွေဟာ ထီးလင်းနယ်က PDF တွေကို ထောက်ပံ့နေတာလို့ စစ်အုပ်စုက သတင်းဖြန့်ပြီး ဆက်စပ်တဲ့ တခြား CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဆက်လက် ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဒီနေ့အထိ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေနှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က ထပ်မံ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အုပ်စုဟာ နိုင်ငံတဝန်းက ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်နေပြီး ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၂ အောက်တိုဘာအထိ စစ်အုပ်စုရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် ကျန်းမာရေးလုပ်သား (၅၈)ဦး သေဆုံးခဲ့ကာ (၇၀၀) ကျော် ဖမ်းဆီးနှိပ်စက်ညှဉ်းပန်း ခံရကြောင်းနှင့် စစ်အုပ်စုက ဆေးရုံဆေးခန်း (၅၀)ကျော်နဲ့ လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ - NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေ ဆန္ဒပြစဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #CDM #ကျန်းမာရေးဝန်ထမ်း #ဆရာဝန် #သူနာပြု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ