ဗိုလ်အောင်မြေ အပါအဝင် မန္တလေး UG ငါးယောက်ထက်မနည်းကို စစ်အုပ်စုက စီးနင်းဖမ်းဆီး၊ သ-တ်ဖြ-တ်ကာ အလောင်းတွေ လမ်းဘေးစွန့်ပစ်

ဗိုလ်အောင်မြေ အပါအဝင် မန္တလေး UG ငါးယောက်ထက်မနည်းကို စစ်အုပ်စုက စီးနင်းဖမ်းဆီး၊ သ-တ်ဖြ-တ်ကာ အလောင်းတွေ လမ်းဘေးစွန့်ပစ်

MFP ၊ ဩဂုတ် - ၃

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ အပါအဝင် UG ငါးယောက်ထက်မနည်းကို စစ်အုပ်စုက စီးနင်းဖမ်းဆီးပြီး သတ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့တယ်လို့ မန္တလေး UG အဖွဲ့အချို့ထံက သိရပါတယ်။

ဩဂုတ်လ (၁)ရက်နေ့က မန္တလေးမြောက်ပြင်ဘက်က နေအိမ်တစ်လုံးမှာ စစ်အုပ်စုက စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်တစ်နေ့မှာတော့ သ-တ်ဖြ-တ်ကာ အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

စီးနင်းခံရတဲ့နေအိမ်ဟာ (၈၆) လမ်းနဲ့ (၈) လမ်းဝန်းကျင်မှာရှိတာဖြစ်ပြီး အဲဒီနေရာဟာ အမှတ်(၄)ရဲစခန်းနဲ့ နီးသလို နေအိမ်ဘေးမှာလည်း စစ်အုပ်စုသတင်းပေးတစ်ယောက်် နေထိုင်တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

ဖမ်းဆီးခံရသူ (၁၀)ဦးခန့်ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး မနေ့က ဩဂုတ်လ (၂)ရက် မွန်းလွဲပိုင်းမှာတော့ သ-တ်ဖြ-တ်ခံရသူအချို့ လမ်းဘေးမှာ အလောင်းစွန့်ပစ်ထားတဲ့ ဓာတ်ပုံတွေကို စစ်အုပ်စုလော်ဘီတွေက ဖြန့်ဝေခဲ့ကြပါတယ်။

“ သူတို့ဖြန့်တဲ့ပုံတွေထဲက အင်္ကျီအဖြူ၊ ပုဆိုး နီညိုအကွက်နဲ့ဟာက ဗိုလ်အောင်မြေပါ။ ယောပုဆိုး ခရမ်းရောင်၊ အင်္ကျီအပြာကွက်နဲ့က ကျွန်တော့်လက်ထောက်ပါ “ လို့ ဗိုလ်အောင်မြေနဲ့အတူ ပြောက်ကျားတိုက်ခိုက်ရေးတွေ ပူးတွဲလုပ်ဆောင်ခဲ့ဖူးတဲ့ Mother Son Force အဖွဲ့ခေါင်းဆောင် ဗိုလ်နိုင်က MFP ကို ပြောဆိုပါတယ်။

ကျန်တဲ့သူတွေကိုတော့ ဘယ်သူတွေလဲဆိုတာ အတိအကျ မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

စစ်အုပ်စုက ဖြန့်ဝေတဲ့ဓာတ်ပုံထဲက UG လေးယောက်အပြင် အမရပူရမြို့နယ် အမြန်လမ်းဘေးတစ်နေရာမှာ ဓားဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ အမျိုးသားအလောင်း နှစ်လောင်းကို တွေ့ခဲ့ရပြီး ညနေပိုင်းမှာလည်း ပရံတော်ချောင်းထဲမှာ သေဆုံးပြီး မျောပါလာတဲ့ အမျိုးသားအလောင်းတစ်ခုကို တွေ့ခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်အုပ်စုက ဩဂုတ်လ (၁)ရက်နေ့မှာ ဖမ်းဆီးခဲ့တဲ့ UG တွေရဲ့ နောက်ဆက်တွဲသတင်းကိုတော့ ဒီနေ့အထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ