MFP ၊ အောက်တိုဘာ - ၂၁
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ဝန်းကျင်က အိမ်တွေကို လမ်းနဲ့ မလွတ်ကင်းလို့ ဆိုပြီး စစ်အုပ်စုက တစ်နာရီအတွင်း ပစ္စည်းသိမ်းခိုင်းကာ ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မနေ့က အောက်တိုဘာ(၂၁)ရက် မနက်ပိုင်းမှာ မန္တလေး အိုးဘိုထောင်အနီး၊ (၇၆)လမ်းနှင့် အိုးဘိုထောင်ကြား၊ (၁)လမ်းပေါ်က အိမ်တွေကို စကစလက်နက်ကိုင်တွေ၊ စည်ပင်နဲ့ ပျူတွေက အင်အားသုံး အကြမ်းဖက် ဖျက်ဆီးတာလို့ ဆိုပါတယ်။
အိုးဘိုထောင် အဝင်အထွက်လမ်းဖြစ်တဲ့ (၁)လမ်း၊ လမ်းဘေးဝဲယာက နေအိမ်နှင့် ဆိုင်ခန်းတွေကို (၁၅)ရက်အတွင်း (၃၆)ပေစီ နောက်ဆုတ်ပေးဖို့ စစ်အုပ်စုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတိပေးစာ ပေးပို့ခဲ့ပြီးနောက် မနေ့ မနက်ပိုင်းမှာတော့ တစ်နာရီအတွင်း ပစ္စည်းသိမ်းခိုင်းကာ ဖြိုချဖျက်ဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်လောက်က နေပြီးတော့ စာရောက်လာတယ်တဲ့။ စာရောက်လာပြီးတော့ မနေ့ကကျ ချက်ခြင်းကြီး တစ်နာရီအတွင်း ပစ္စည်းတွေသယ်၊ အိမ်ဖျက်မယ်ဆိုပြီး လုပ်တာတဲ့"လို့ မန္တလေးမြိုခံတစ်ဦးက MFP ကို ပြောပါတယ်။
အိုးအိမ်ဈေးဆိုင်တွေကို ဖြိုဖျက်နေစဉ် အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းဝတ်တွေနဲ့ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေက သေနတ်နဲ့ချိန်ကာ စောင့်ကြည့်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးသွားတဲ့ နေအိမ်တွေထဲ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD)ပါတီ ရွှေကျင်ရပ်ကွက်၊ ရပ်ကျေးရုံး ဖွင့်လှစ်ခဲ့တဲ့ နေအိမ် ပါသွားသလို စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းပေးဒလန် တစ်ဦးရဲ့ နေအိမ်ဆိုင်ခန်းလည်း ဖျက်ဆီးခံလိုက်ရတယ်လို့ သတင်း ရရှိပါတယ်။
စစ်အုပ်စုက ရုတ်တရက် အိမ်တွေ ဖျက်ဆီးသွားတဲ့အတွက် နေစရာနေရာ မရှိတော့တဲ့ သူတွေ၊ ဆိုင်ခန်းပြန်ဖွင့်စရာ မရှိတော့သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ကောက်ကာငင်ကာ အိုးဘိုထောင်ဝန်းကျင်က နေအိမ်တွေကို ဖျက်ဆီးတာဟာ ဆိုင်တွေ၊ နေအိမ်တွေမှာ တပ်ထားတဲ့ CCTV တွေက ထောင်အတွင်းကို လှမ်းမြင်နိုင်တဲ့အတွက် လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ မြို့ခံအချို့က သုံးသပ်ပါတယ်။
စစ်အုပ်စုဟာ အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ် ညှဉ်းပန်းနေပြီး မန္တလေး အိုးဘိုထောင်မှာ အကြောင်းမဲံ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိသလို လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးပါးရတဲ့ နိုင်/ကျဉ်းတွေလည်း ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့အနှံ့မှာ စစ်အုပ်စုက နေအိမ်ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အများစုကို လမ်းနဲ့ မလွတ်ကင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ဆီးနေတာလို့ မြို့ခံတွေက ဆိုပါတယ်။
မန္တလေးမြို့အနှံ့ နေအိမ်တွေ ဖျက်ဆီးရာမှာ မန္တလေးစည်ပင်က ဦးဆောင်ပေမယ့် လက်နက်ကိုင်တွေ၊ မီးသတ်တွေ၊ ပျူတွေ၊ ရပ်ကွက်လူမိုက်တွေကိုပါ ခေါ်ပြီး တုတ်၊ ဓားတွေကိုင်ဆောင်ကာ အင်အားသုံး ဖျက်ဆီးပြီး ရပ်ကွက်တချို့မှာ ဂရန်အမည်ပေါက် အိမ်ကြီးအိမ်ကောင်းတွေပါ ဘူဒိုဇာနဲ့ ဖယ်ရှားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးအိုးဘိုထောင်အနီးက အိမ်တွေကို ပစ္စည်းသိမ်းဖို့ တစ်နာရီ အချိန်ပေးပြီးနောက် စစ်အုပ်စုက ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးစဉ်/Photo - CJ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #ဆိုင်ခန်း #နေအိမ် #ဖျက်