ယင်းမာပင်နယ်က ကာကွယ်ရေး ရဲဘော်တွေ အပါအဝင် လူ(၁၀)ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ် NUG က စစ်ဆေး အရေးယူ၊ လူသ-တ်မှုအတွက် တာဝန်ရှိတဲ့ ဆရာစံ PDF အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင် စစ်ဆေးမယ်လို့ NUG ဆို၊

ယင်းမာပင်နယ်က ကာကွယ်ရေး ရဲဘော်တွေ အပါအဝင် လူ(၁၀)ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ် NUG က စစ်ဆေး အရေးယူ၊ လူသ-တ်မှုအတွက် တာဝန်ရှိတဲ့ ဆရာစံ PDF အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင် စစ်ဆေးမယ်လို့ NUG ဆို၊

MFP၊ စက်တင်ဘာ - ၁၂

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ရွာမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် လူ (၁၀)ဦး သေဆုံးခဲ့တဲ့ လူသ-တ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၄)မှ ဆရာစံနှင့်အဖွဲကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင် စစ်ဆေးမယ်လို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က ဒီကနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ (၂၆)ရက်က ယင်းမာပင်နယ် ကပိုင်ရွာကို ဆေးကုသဖို့ သွားရောက်တဲ့ Non - CDM မီးသတ် ရဲဘော်တစ်ဦးနှင့် အဖော်တစ်ဦးတို့ ဖမ်းဆီးခံရမှုက အစပြုကာ လာပို့ရွာ အခြေစိုက် Hero Tiger တပ်ဖွဲ့က ဒေသကာကွယ်ရေး ရဲဘော် ငါးဦး အပါအဝင် ဒေသခံ(၁၀)ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နင်နာသူတွေရဲ့ မိသားစုဝင်တွေက တိုက်ကြားလာတဲ့အတွက် NUG ရဲ့ MOD က စုံးစမ်း စစ်ဆေးခဲ့တာလို ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ် စုံစမ်းစစ်ဆေးမှုအတွက် MOD ရဲ့ အကြိမ်(၄၀)မြောက် အစည်းအဝေးမှာ ဒု-ဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကို ဖွဲစည်း အတည်ပြုခဲ့ပြီးနောက် ဥပဒေပညာရှင်တွေနဲ့ပါ တိုးချဲ့ဖွဲစည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ဆေးမှု ရလဒ်တွေအရ Hero Tiger တပ်ဖွဲ့က ရဲဘော်ငါးဦး သတ်ဖြတ်ခံရတာဟာ ယခင် ရန်ငြိုးရန်စ ရှိခဲ့ဖူးတာကို အကြောင်းပြုပြီး သတ်ဖြတ်ခံခဲ့ရတာလို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မီးသတ်ရဲဘော်နှစ်ဦးနှင့် ပထမ ပျောက်ဆုံးသူ လေးဦးဟာ Hero Tiger တပ်ဖွဲနဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး မှားယွင်းစွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲ့ဒီဖြစ်စဉ်အတွက် အဓိက တာဝန်ရှိသူတွေဟာ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၄)ကို ဦးဆောင်တဲ့ ဆရာစံနဲ့အဖွဲ့ ဖြစ်တယ်လို့လည်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

"ဒေသခံတပ်ဖွဲများအကြား နယ်မြေစိုးမိုးမှု၊ လက်နက်ခွဲဝေမှု၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်မှု စသည့် အားပြိုင်မှုများ ရှိနေပြီး ယခုဖြစ်စဉ်သည် အဆိုပါ အားပြိုင်မှုများ၏ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်"လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲ့ဒီ အမှုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးပြီးနောက် အရေးယူမှုအဖြစ် MOD ဝန်ကြီးဌာနအနေနဲ့ ပြစ်မှု ကျူးလွန်သူတွေကို PDF ဖြစ်စေ၊ ပ.က.ဖ ဖြစ်စေ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူတွေ ကိုင်ဆောင်တဲ့ လက်နက်တွေကို ခရိုင်ကွပ်ကဲရေးအဖွဲရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ လက်နက် ဖြုတ်သိမ်းသွားမှာ ဖြစ်ကြောင်းနှင့် ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးဖို့ အကျဉ်းစစ်တရားရုံးကို အမြန်ဆုံး ဖွဲစည်းမယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

မှားယွင်းစွပ်စွဲ သတ်ဖြတ်ခံရတဲ့ Hero Tiger တပ်ဖွဲ့က ရဲဘော်ငါးဦးကို PDF တပ်ဖွဲဝင်တွေ အဖြစ် တရားဝင် အသိအမှတ်ပြုမှာ ဖြစ်ပြီး ကျန်ရစ်သူ မိသားစုတွေကို NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထောက်ပံ့ကူညီမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ယင်းမာပင် လူသတ်မှုဖြစ်စသ်မှာ သေဆုံးခဲ့တဲ့ Hero Tiger ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တချို့၊ Non-CDM မီးသတ် ဝန်ထမ်းနှင့် ဒေသခံတချို့/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ဆရာစံ #PDF #HeroTiger #NUG 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ