"ကောလင်းတိုက်ပွဲက ပေးတဲ့ သင်ခန်းစာ"

"ကောလင်းတိုက်ပွဲက ပေးတဲ့ သင်ခန်းစာ"

ရေးသူ - သက်တန့် (MFP)၊ သတင်းဆောင်းပါး

ကောလင်းတိုက်ပွဲဟာ နွေဦးတော်လှန်ရေးကာလ သုံးနှစ်အတွင်း အညာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက် “အပြင်းထန်ဆုံး တိုက်ပွဲ” လို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ - ERO ခေါင်းဆောင်နဲ့ အညာ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သုံးလကြာ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကောလင်းခရိုင် ကောလင်းမြို့ကို စစ်အုပ်စုက ဖေဖေါ်ဝါရီ(၃)ရက်ကနေ (၁၃)ရက်အထိ မြေပြင်၊ ဝေဟင် ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

399401771_650564960599699_654208259604102884_n.jpg

၂၀၂၃ နိုဝင်ဘာက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/Photo - CJ

စစ်အုပ်စုဟာ ကောလင်းမြို့ကို ပြန်ရဖို့ တိုက်တဲ့ တိုက်ပွဲအတွင်း မြေပြင် အင်အား(၁၀၀၀)ဝန်းကျင် အသုံးပြုပြီး စစ်ကြောင်း တစ်ကြောင်းကို အင်အား(၂၀၀)ကျော်နဲ့ စစ်ကြောင်း လေးငါးကြောင်းခွဲကာ မြို့ကို ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်သလို တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဟောင်ဝစ်ဇာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ စစ်ကူ၊ ပစ်ကူပေးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကောင်တွေက ဘယ်လောက် သေသေ တက်လာတာ။ လူအားနဲ့ ဖိတိုက်တဲ့ သဘောပဲ”

ကောလင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက မြေပြင်အခြေအနေကို ပြောပါတယ်။

“ကိုယ့်ဘက်ကလည်း အထိအခိုက်ရှိတယ်။ သူတို့ဘက်ကတော့ တော်တော်ကြီး အထိအခိုက် အကျအဆုံး များခဲ့တယ်။ (၂၀၀)ဝန်းကျင် ကျတယ်လို့ ခန့်မှန်းရတယ်ဗျ”

လူအင်အားနဲ့ ကျည်ပစ်အားကို ကောင်းကောင်း အသုံးချပြီး ကောလင်းမြို့ကို ဝိုင်းညှပ် တိုက်ခိုက်တဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက အကောင်းဆုံး ခုခံတားဆီးခဲ့ပေမယ့် တိုက်ပွဲချိန် ကြာလာတာနဲ့အမျှ နောက်ဆုတ် ပေးခဲ့ရပြီး ဖေဖေါ်ဝါရီ(၁၀)ရက်မှာ စစ်အုပ်စုတချို့ ကောလင်းမြို့ထဲ ဝင်ရောက်နိုင်ခဲ့ကာ ဖေဖေါ်ဝါရီ (၁၃)မှာတော့ ကောလင်းမြို့ရဲ့ အချက်အချာနေရာတွေကို စစ်အုပ်စုက ပြန်လည် စိုးမိုး ထိန်းချုပ်သွားပါတယ်။

သူတို့က ဝန်းသိုဘက်ကရော၊ ကိုးတာင်ဘို့ကရော ညှပ်တိုက်တယ်။ ကိုးတောင်ဘို့က အင်အားများတဲ့ စစ်ကြောင်းကို တိုက်ခိုက်နေချိန် ဝန်းသိုဘက်က စစ်ကြောင်က မြို့ထဲဝင်နိုင်သွားတာ။ ကျနော်တို့ အနေနဲ့ တစ်ဖက်ကိုပဲ ကောင်းကောင်း ခုခံနိုင်တယ်။ သူတို့က မရရအောင် ဝင်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ဝင်လာတာမို့ မြို့ထဲကိုတော့ ပေးဝင်လိုက်ရတယ်” လို့ အမည်မဖော်လိုတဲ့ ကောလင်းမြို့နယ် ပြည်သူကာကွယ်ရေး - ပကဖ အဖွဲ့ဝင် တစ်ဦးကလည်း ပြောပါတယ်။

425526104_363281296469452_2675788476875306829_n.jpg

ကောလင်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်မှာ တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တချို့/Photo - Kawlin Info

ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း ရှမ်းမြောက်မှာ စစ်အုပ်စုနဲ့ ညီနောင်သုံးဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေချိန် NUG အမှတ်(၁) စစ်ဒေသ ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက အညာမှာလည်း ဟန်ချက်ညီ စစ်ဆင်ရေး ဆင်နွှဲပြီး ခရိုင်မြို့ ဖြစ်တဲ့ ကောလင်းမြို့ကို နိုဝင်ဘာ(၆)ရက်မှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ အညာဒေသတွင်း အကြီးဆုံး ထိုးစစ်ကို ရင်ဆိုင်ခဲ့ရပြီး သုံးလနဲ့ ခုနှစ်ရက် အကြာမှာတော့ ကောလင်းမြို့ကို NUG လက်လွှတ် လိုက်ရပါတယ်။

လက်ရှိ အခြေအနေမှာ စစ်အုပ်စုက ကောလင်းမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်တာ မရှိသေးဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တော်လှန်ရေးတပ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ ကျည်ပစ်အား၊ လေကြောင်းနဲ့ ဒရုန်း ပစ်ကူတွေကြောင့် ဗျူဟာအရ နောက်ဆုတ်လိုက်ရတာလို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေက ဆိုပါတယ်။

အညာဒေသတွင်း စစ်အုပ်စုရဲ့ အကြီးဆုံး ထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံ ရရှိခဲ့သလို နောင်လာမယ့် တိုက်ပွဲတွေအတွက် PDF တပ်ရင်း၊တပ်ဖွဲ့အတွင်း ပြန်လည် သုံးသပ်၊ ပြင်ဆင်ရမယ့် အားနည်းချက်၊ လိုအပ်ချက်တွေလည်း ပေါ်ထွက်လာတယ်လို့ မြေပြင် တိုက်ပွဲဝင် ရဲဘော်တွေနဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ ERO ခေါင်းဆောင်တချို့က ပြောပါတယ်။

- စစ်အုပ်စုက ကောလင်းမြို့ကို ပြန်ရဖို့ ဘယ်လို ထိုးစစ်ဆင်ခဲ့သလဲ

NUG ပထမဆုံး သိမ်းပိုက်နိုင်တဲ့ ခရိုင်မြို့အဆင့် ကောလင်းမြို့ဟာ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်နဲ့ မြို့နေလူဦးရေ နှစ်သောင်းကျော်သာ ရှိတဲ့ မြို့လေး ဖြစ်ပါတယ်။ ကောလင်းမြို့နယ် တစ်ခုလုံးမှာ လူဦးရေ တစ်သိန်းခွဲဝန်းကျင် ရှိပေမယ့် အများစုက ကျေးရွာတွေမှာ နေထိုင်ကြပါတယ်။ ဝန်းသို၊ ထီးချိုင့်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ပင်လည်ဘူး မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ ကောလင်းမြို့ဟာ ထီးချိုင့်မြို့လို စစ်ရေးအရ၊ လမ်းပန်း ဆက်သွယ်ရေးအရ အချက်အချာ မကျလှဘဲ သာမန် အညာရဲ့ မြို့ငယ်တစ်မြို့သာ ဖြစ်ပါတယ်။

399864853_363236689564132_4983596946417317133_n.jpg

၂၀၂၃ နိုဝင်ဘာက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/Photo - Kawlin Revolution - KR

စစ်အုပ်စုက ကောလင်းမြို့ကို ပြန်ရဖို့ မြေပြင်၊ဝေဟင် အင်အားများစွာ သုံးပြီး တိုက်ခိုက်တာဟာ စစ်ရေးအရ အရေးပါမှုထက် ဂုဏ်သိက္ခာအရ ပြန်တိုက်ယူတာ ဖြစ်တယ်လို့ NUG နဲ့ မဟာမိတ်ဖြစ်ပြီး စစ်ကိုင်းတိုင်းကို တာဝန်ယူလှုပ်ရှားတဲ့ ERO ခေါင်းဆောင် တစ်ဦးက သုံးသပ်ပါတယ်။

ရှမ်းမြောက်နဲ့ ရခိုင် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဆုံးရှုံးမှုတွေကို အဖတ်ဆယ်ဖို့နဲ့ ဂုဏ်သိက္ခါအတွက် စစ်အုပ်စုက ကောလင်းကို ပြန်တိုက်ယူတာ ဖြစ်တယ်လို့ ERO ခေါင်းဆောင်က ပြောပါတယ်။

ကောလင်းမြို့ကို စစ်အုပ်စုက မရအရ ပြန်တိုက်ယူတာဟာ ဂုဏ်သိက္ခါအတွက် ဖြစ်တယ်ဆိုတာကို ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခရိုင် ပကဖ အဖွဲ့ဝင်တစ်ဦးကလည်း သဘောတူ လက်ခံပါတယ်။

ကောလင်းဆိုတာ အထက်ပိုင်းမှာ နကိုတည်းက စပြီးတော့ ကသုံးလုံးခရိုင် ဆိုပြီး စတည်ကတည်းက အလုပ် လုပ်လာတဲ့ ခရိုင်ထဲက တစ်ခုဖြစ်တဲ့အတွက် သူတို့ ဒါကို ဆုံးရှုံးလိုက်တာ ဂုဏ်သိက္ခါပိုင်းရော ထိခိုက်တယ် ဆိုတဲ့ အမြင်မျိုးနဲ့ သူတို့ မရရအောင် ပြန်ယူမယ်။ သူတို့ အတွင်းထဲမှာ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေလည်း ပြန်တက် လာအောင် ဆိုတဲ့ ရည်မှန်းချက်နဲ့ သူတို့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းမွန်စွာတော့ မထိန်းချုပ် နိုင်သေးဘူး”လို့ ကောလင်းခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုအရ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ညီနောင်သုံးဖွဲ့နဲ့ စစ်အုပ်စုတို့ ဇန်နဝါရီလလယ်မှာ အပစ်အခတ် ရပ်နားလိုက်ချိန်က စပြီး စစ်အုပ်စုဟာ အညာက PDF တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည် စစ်ကြောင်းထိုး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ကောလင်းမြို့ကို ပြန်မတိုက်သေးခင် မြို့သိမ်းခံရလုနီးပါး ဖြစ်နေတဲ့ ထီးချိုင့်မြို့ကို နယ်မြေပြန်လည် စိုးမိုးနိုင်အောင် ကြိုးစားခဲ့ပြီး ထီးချိုင့်မြို့ ငြိမ်သွားချိန်မှ ကောလင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်တာ ဖြစ်ပါတယ်။

423516187_766702855492462_7132294834500164388_n.jpg

ကောလင်းမြို့ကို ပြန်တိုက်ဖို့ ကန့်ဘလူမြို့မှာ အင်အားစုနေတဲ့ စစ်အုပ်စုကို ဇန်နဝါရီ လကုန်ပိုင်းက တွေ့ရစဉ်/Photo - စစ်အုပ်စု

ကောလင်းမြို့ကို စစ်အုပ်စုက ပြန်တိုက်ဖို့ ပြင်ဆင်နေတာကို ကောလင်းတဝိုက်က ပြည်သူတွေ အပါအဝင် တော်လှန်ရေး တပ်ဖွဲ့တွေက ရက်အတန်ကြာ ကြိုတင် သိရှိခဲ့ရပါတယ်။

“ကောလင်းကို မတိုက်ခင်မှာ ကိုးထောင်ဘို့ဘက်ကို ရဟတ်ယာဉ်နဲ့ အစီး(၃၀)ကျော် အင်းအား ချတယ်။ ပျူနဲ့ ထောင်သားတွေလည်း ပါတယ်တဲ့။ ဝန်းသိုဘက်ကိုလည်း အခေါက်ပေါင်း မနည်းဘူး။ လက်နက်ခဲယမ်းနဲ့ အင်အားတွေ ချတာ” လို့ ကောလင်းမြို့ရဲ့တောင်ဘက် ကန့်ဘလူနယ်စပ် ကိုးထောင်ဘို့ဒေသမှာ နေထိုင်တဲ့ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ကောလင်းရဲ့တောင်ဘက် ကန့်ဘလူနယ်၊ ကိုးထောင်ဘို့ရွာမှာ စစ်အင်အားနဲ့ လက်နက်ခဲယမ်း စုဆောင်သလို ကောလင်းမြောက်ဘက် ဝန်းသိုမြို့မှာလည်း နကိုရှိပြီးသား အင်အားထက် ပိုတိုးပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ ပြင်ဆင်တာ၊ ရဟတ်ယာဉ်နဲ့ ခေါက်တုန့်ခေါက်ပြန် အင်အားဖြည့်တာတွေ တစ်ပတ်ကြာ လုပ်ဆောင်ပြီး ဖေဖော်ဝါရီ(၃)ရက်မှာ ကောလင်းမြို့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်တာပါ။

11becc43-d585-4dd8-b0a6-64187cd5d085.jpg

ကောလင်းမြို့

စစ်အုပ်စုက ကောလင်းကို ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ကောလင်းမြို့ တောင်ဘက်၊ အနောက်ဘက်နဲ့ မြောက်ဘက်တွေကနေ ပဇောက်(ပ)ပုံ ဝိုက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်တာလို့ EAO ခေါင်းဆောင်က ပြောပါတယ်။

ကောလင်းမြို့ကို တိုက်ခိုက်ပြီး ခြောက်ရက်မြောက်နေ့ ဖေဖော်ဝါရီ(၈)ရက်မှာ စစ်အုပ်စုရဲ့ ပဇောက်ပုံစံ စစ်ဆင်ရေးဟာ ပိုမို ပီပြင်လာခဲ့ပြီး ကောလင်းမြို့တောင်ဘက်က တစ်ဖွဲ့၊ မြို့အနောက်ဘက် တစ်မိုင်အကွာ ရွာမရွာမှာ တစ်ဖွဲ့နဲ့ မြို့မြောက်ဘက် မိုင်ဝက်ခန့်အကွာမှာ တစ်ဖွဲ့၊ အသီးသီး ရောက်ရှိ လာခဲ့ပါတယ်။ ကောလင်းမြို့ထဲကနေ ခုခံစစ် ဆင်နွှဲနေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့လည်း စစ်အုပ်စု မြို့နဲ့ နီးကပ် လာတာနဲ့အမျှ ခုခံရတာ ပိုမို ခက်ခဲလာပြီး စစ်အုပ်စုကတော့ မြေပြင်ကနေ လူသားလှိုင်းပုံစံ အသေခံ ထိုးဖောက် ခဲ့တာလို့ ဆိုပါတယ်။

ရေရှည်ကျတော့ ကျည်ထောက်ပို့အား မရှိတော့ဘူးလေ။ သူတို့က တောင်၊မြောက်နဲ့ အနောက် သုံးဖက်ညှပ်ပြီး ပစ်အားနဲ့ တိုးဝင်လာတာကိုဗျ။ ကိုယ့်ဘက်က ဆုတ်ခွါပေးလိုက်ရတဲ့ အခြေအနေ ရှိတာပေါ့ဗျာ။ စစ်ကောင်စီ ဘက်က (၁၀၀)ကျော်လောက် သေတယ်လို့ သိရတယ်။ အဲဒါတွေက ကျနော်တို့ အလောင်း ရတာတွေရော၊ စစ်ကောင်စီဘက်က (၁၀၀)နဲ့အထက်ပဲ။ ကိုယ်ဘက်ကလည်း (၃၀)လောက် ပေးလိုက်ရတဲ့ အခြေအနေ ဖြစ်သွားတယ်။ မတန်ဘူးပေါ့ဗျာ။ သူတို့က အသေခံပြီးတော့ကို အတင်း ဝင်လုံးတာပဲ”လို့ EAO ခေါင်းဆောင်က ပြောပါတယ်။

427477115_122094948182219047_1470868605815301442_n.jpg

ကောလင်းမြို့ထဲ ထိုးဖောက်ဝင်ရောက်လာနိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု ကို ဖေဖေါ်ဝါရီ(၁၀)ရက်က တွေ့ရစဉ်/Photo - စစ်အုပ်စု

စစ်အုပ်စုက ကောလင်းမြို့ကို ပြန်သိမ်းယူဖို့ သေချာ ပြင်ဆင်လာခဲ့ပြီး အညာမြေ စစ်ပွဲတွေမှာ မသုံးဖူးသေးတဲ့ ဒရုန်းတွေကိုပါ သုံးစွဲတာ တွေ့ရတယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း အညာမြေ တိုက်ပွဲတွေမှာ စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ လက်နက်ကြီး ပစ်ကူတွေကိုသာ အဓိက အသုံးပြုခဲ့ပေမယ့် ကောလင်းတိုက်ပွဲမှာတော့ တော်လှန်ရေးတပ်တွေထက် သာလွန်ကောင်းမွန်တဲ့ အဆင့်မြင့် ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာတယ်လို့ ကောလင်းခရိုင် ပကဖ အဖွဲ့ဝင်က ပြောပါတယ်။

မြို့ထဲမှာ ပထမအကြိမ် ဝင်လာတုန်းကတော့ ဖိဖိစီးစီး ခုခံလိုက်နိုင်တယ်။ နောက်ပိုင်းမှာ အဓိကကတော့ ဒရုန်းပေါ့လေ။ ကင်မရာနဲ့လည်း ကြည့်လို့ရတဲ့ အခါမျိုးကျ‌တော့ အတိအကျမျိုးအထိ တိုက်ခိုက်လာတဲ့ အနေအထားမျိုးမှာ ဆိုတော့ ကျနော်တို့ဘက်က ခွါစစ်သဘောမျိုး ပြန်သုံးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်သွားတာပါဗျ။ (မြို့ကို) လက်လွှတ်တယ်လို့တော့ မဟုတ်သေးဘူး။ ဆိုင်တော့ ဆိုင်ထားပါသေးတယ်”

photo_2024-02-10_20-57-29.jpg

ကောလင်း တိုက်ပွဲမှာ စစ်အုပ်စု အသုံးပြုခဲ့တဲ့ ဒရုန်းတချို့/Photo - စစ်အုပ်စု

စစ်အုပ်စုဟာ ကောလင်းမြို့ကို မြေပြင် ထိုးစစ်မဆင်မီ ကတည်းက ဝန်းသိုမြို့ရှိ စစ်အုပ်စုရဲ့ ခြေလျင်နဲ့ ခြေမြန် အထိုင် တပ်ရင်းတွေဖြစ်တဲ့ ၁၁၁ တပ်နဲ့ ၁၂၀ တပ်ကနေ ကောလင်းမြို့ကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကောလင်းနဲ့ ဝန်းသိုဟာ ကုန်းလမ်းအားဖြင့် ရှစ်မိုင်ဝေးပြီး လေမိုင်နဲ့ဆိုရင် လေးမိုင်လောက်သာ ကွာဝေးပါတယ်။ မြေပြင် ထိုးစစ်ဆင်ချိန်မှာတော့ တော်လှန်ရေးတပ်တွေ နေရာယူ လှုပ်ရှားလို့ မရအောင် စစ်အုပ်စုက လက်နက်ကြီးနဲ့ နေ့စဉ် အကြိမ်(၁၀၀)ဝန်းကျင် ပစ်ကူပေးခဲ့တယ်လို့ ကောလင်းခရိုင် (ပကဖ) အဖွဲ့ဝင်က ပြောပါတယ်။

- ကောလင်းတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က ဘာတွေ အားနည်းခဲ့သလဲ

စစ်အုပ်စု အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အလဲလဲ အပြိုပြို စစ်ရှုံးပြီး နယ်မြေတွေ၊ မြို့ရွာတွေ လက်လွှတ် ရတာကို မရှက်နိုင်တော့ပေမယ့် မနေ့တစ်နေ့ကမှ သေနတ်ကိုင်တဲ့ PDF ကပါ အညာမှာ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲလာတဲ့အပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အရှက်ကြီးရှက်ပြီး အခုလို ကောလင်းမြို့ကို ပြန်ရဖို့ စစ်သားရာနဲ့ချီ အသေခံကာ လူသားလှိုင်းပုံစံနဲ့ ထိုးစစ်ဆင် ပြန်တိုက်ယူတာလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ကောလင်းမြို့ကို လက်လွှတ်လိုက်ရတာဟာ စစ်အုပ်စု တော်လွန်းလို့ မဟုတ်သလို ပါဝင်တိုက်ခိုက်နေတဲ့ PDF ရဲဘော်တွေရဲ့ တိုက်ရည် ခိုက်ရည်ကြောင့်လည်း မဟုတ်ဘဲ ကိုယ့်ဘက်က ကြိုတင် ပြင်ဆင်မှုပိုင်းတွေ အားနည်း ခဲ့တာကြောင့်လို့ EAO ခေါင်းဆောင်က သုံးသပ်ပါတယ်။

427458518_122094948068219047_3233198907384049072_n.jpg

ကောလင်းမြို့ထဲ ထိုးဖောက်ဝင်ရောက်လာနိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု ကို ဖေဖေါ်ဝါရီ(၁၀)ရက်က တွေ့ရစဉ်/Photo - စစ်အုပ်စု

ကောလင်းကို လွတ်ဆုံးရှုံးလိုက်ရတဲ့ အကြောင်းရင်းတွေထဲ အဓိက အားနည်းချက် သုံးချက် တွေ့ရပြီး ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာ၊ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်မှု အားနည်းတာနဲ့ တော်လှန်ရေး အင်အားစု အချင်းချင်းကြား မဟာမိတ်ဆက်ဆံရေး မတည်ဆောက်နိုင်တာကြောင့် သိမ်းပြီးသား ကောလင်းမြို့ကို လက်လွှတ်လိုက်ရတာလို့ EAO ခေါင်းဆောင်က ရှု့မြင်ပါတယ်။

ကောလင်းမြို့ကို NUG အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲမှုနဲ့ PDF၊ ပကဖ၊ မဟာမိတ်တပ်ဖွဲ့တွေက နိုဝင်ဘာ(၆)ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ NUG သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ မဟာမိတ်အဖြစ် ကချင်လွတ်လပ်ရေး တပ်မတော်- KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF တို့ အဓိက ပါဝင်တိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးတပ်တွေ အနေနဲ့ ကောလင်းမြို့ကို သိမ်းပိုက်ပြီးချိန် ခုခံစစ်အတွက် ပြင်ဆင်တာတွေ ရှိခဲ့ပေမယ့် မြို့ပတ်လည်က စိုးမိုးကုန်းတွေမှာ နေရာယူ ပြင်ဆင် မထားနိုင်ခြင်းက အားနည်းချက်တစ်ခု ဖြစ်ခဲ့တယ်လို့ EAO ခေါင်းဆောင်က ပြောပါတယ်။

ကောလင်းမြို့ ရပြီးတဲ့အခါမှာ ပတ်ချာလည် စိုးမိုးကုန်းတွေကို နေရာယူ မထားနိုင်တာ။ ကောလင်းကို လှမ်းပစ်လို့ ရတဲ့ ကုန်းတွေ၊ ဘယ် စစ်ကောင်စီတပ်မှ မရှိခင်ကတည်းက ကိုယ်က တပ်ထိုင်ပြီးတော့ စီစဉ်ထားရမှာ၊ ကာကွယ် ထားရမယ့် ကိစ္စတွေ၊ အဲဒါတွေလည်း မထားနိုင်ဘူး”

427654795_419851493902651_5508043347335082979_n.jpg

ကောလင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စစ်အုပ်စုက မြို့ကို မီးရှို့ဖျက်ဆီးနေစဉ်/Photo - Kawlin Revolution - KR

ကောလင်းမြို့ရဲ့ တည်နေရာ အနေအထားဟာ ဝန်းသိုမြို့နဲ့ ကိုးထောင်ဘို့တို့နဲ့ နှိုင်းယှဉ်ပါက မြေနိမ့်ပိုင်းမှာ တည်ရှိပြီး မြို့မြောက်ဘက် သုံးမိုင်လောက်က စလို့ ဝန်းသိုအထိဟာ တောင်တန်းတွေ ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ ကောလင်းမြို့ လက်လွှတ်လိုက်ရပြီး ရက်ပိုင်းအတွင်းမှာပဲ ကောလင်းမြောက်ဘက် သုံးမိုင်ခန့်အကွာ မိုးကောင်းတောင်မှာ အင်အား ရာနဲ့ချီ အထိုင်ချ နေရာယူခဲ့ပြီး ကောလင်းမြို့ကို အပေါ်စီးကနေ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့ကြောင့် NUG ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေအနေနဲ့ လက်နက်ကြီးတွေနဲ့ အပေါ်စီးကနေ ပစ်လို့ရမယ့် စိုးမိုးကုန်းလို နေရာမျိုးတွေမှာ ကြိုတင်ပြင်ဆင် နေရာမယူနိုင်တာကြောင့် စစ်အုပ်စုက မြို့ကို ပြန်တိုက်ခိုက်လာချိန်မှာ မြေပြင်အနေအထားအရ အသားစီး မရခဲ့ဘူးလို့ EAO ခေါင်းဆောင်က သုံးသပ်ပါတယ်။

428608391_423289110225556_1554793819761671911_n.jpg

ကောလင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စစ်အုပ်စုက မြို့ကို မီးရှို့ဖျက်ဆီးနေစဉ်/Photo - Kawlin Revolution - KR

- လက်နက်ခဲယမ်း ထောက်ပို့နိုင်မှုလည်း အားနည်းချက် ရှိခဲ့

ကောလင်းမြို့ကို စစ်အုပ်စုက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ကျည်ပစ်အားနဲ့ လူအင်အားကို အများအပြား အသုံးပြုခဲ့ပါတယ်။ ကပစ တွေ (ကာကွယ်ရေးပစ္စည်းစက်ရုံ) ရှိနေပြီး ကိုယ်တိုင် ကျည်ထုတ်လုပ်ကာ ကျည်ဆံသေတ္တာ ထမ်းပြီး လာရောက် ပစ်ခတ် တိုက်ခိုက်တဲ့ စစ်အုပ်စုကို ကျည်အပါအဝင် လက်နက်ခဲယမ်းတွေ အားလုံးနီးပါး ဝယ်ယူသုံးစွဲရတဲ့ တော်လှန်ရေးတပ်တွေ အနေနဲ့ ရေရှည်မှာ ခံမပစ်နိုင်တော့တာ မထူးဆန်းပါဘူး။

ကောလင်းကို သိမ်းပိုက်ပြီးနောက် NUG အနေနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ဖော်ဆောင်လာနိုင်သလို အခွန်ငွေ ကောက်ခံမှုတွေလည်း ရှိပေမယ့် ရရှိလာတဲ့ အခွန်ငွေတွေကို မှန်မှန်ကန်ကန် အသုံးပြုလား၊ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ERO ခေါင်းဆောင်က ပြောပါတယ်။

ကောလင်းမှာ အခွန်ရစရာနေရာတွေ များစွာရှိပြီး မြန်မာပြည် အထက်ပိုင်းနဲ့ အလယ်ပိုင်း ဆက်သွယ်ထားတဲ့ မြစ်ကြီးနား - ကောလင်း - ရွှေဘို လမ်းတလျှောက် ဖြတ်သန်းသွားလာတဲ့ ဆန်ကား၊ ဆီကား၊ ဘိလပ်မြေကား၊ အိမ်ဆောက်ပစ္စည်း ကားမျိုးစုံ စတဲ့ ကုန်စည်ကူးသန်းမှုတွေကနေ အခွန်ငွေ ကောက်ခံရရှိနိုင်သလို ကောလင်း၊ ထီးချိုင့်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော် စတဲ့ အနီးဝန်းကျင် ဒေသတွေမှာ တည်ရှိတဲ့ ရွှေမှော်တွေ ကနေလည်း အခွန်ငွေ ကောက်ခံ ရရှိနိုင်ပါတယ်။

426636535_421399427081191_7330640158734202401_n.jpg

ကောလင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စစ်အုပ်စုက မြို့ကို မီးရှို့ဖျက်ဆီးနေစဉ်/Photo - Kawlin Revolution - KR

ကောလင်းသာမက စစ်ကိုင်းတိုင်းအတွင်းက ကောက်ခံ ရရှိလာတဲ့ အခွန်ငွေတွေကို NUG မှာ အဆင့်ဆင့် တာဝန်ယူ ထားသူတွေက မှန်မှန်ကန်ကန် အသုံးပြုရဲ့ လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ NUG နဲ့ မဟာမိတ်၊ စစ်ကိုင်းတိုင်းထဲ စစ်ရေးကိစ္စတွေ တာဝန်ယူ ဆောင်ရွက်နေတဲ့ ERO ခေါင်းဆောင်က ပြောပါတယ်။

အောက်မှာ ကလေးတွေက သေချာတာ တစ်ခုက အသေခံ တိုက်တဲ့ ကလေးတွေကတော့ ရှူးရှဲစားပြီး တိုက်နေ ရတာက အဲဒါတော့ အမှန်တရားပဲ။ ကလေးတွေကတော့ ဘာမှမသိဘူး။ စစ်ကောင်စီ အမြစ်ဖြတ်ဖို့ပဲ သူတို့ကတော့ အသေခံပြီး တိုက်ကြတာ။ ဒါပေမယ့် လုပ်ပိုင်ခွင့်ရတဲ့ သူတွေ ပရမ်းပတာ လုပ်နေတယ်ဆိုတဲ့ သတင်းကတော့ လွင့်နေတာ ကြာပြီ။ ရရှိထားတဲ့ အခွန်ငွေတွေကို သေသေချာချာ စီမံ ခန့်ခွဲပြီးတော့မှ ခဲယမ်းလက်နက် ပြည့်စုံအောင် မဖြည့်တင်းနိုင်ဘူး”

NUG အနေနဲ့ ၂၀၂၂ နှစ်လယ်ပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်းအတွင်းက နေရာအချို့မှာ အခွန်ငွေ ကောက်ခံဖို့ မူဝါဒချမှတ်ပြီး အကောက်အထည် ဖော်ခဲ့ပါတယ်။ အဲဒီ မူဝါဒ လမ်းညွှန်ချက်မှာ လက်နက်ကိုင် မဟုတ်တဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အဖွဲ့တွေက အခွန်ငွေကို ဦးဆောင် ကောက်ခံမှာ ဖြစ်ပြီး ရရှိလာတဲ့ အခွန်ဘဏ္ဍာငွေကို NUG ဘဏ္ဍာခွန်ဝန်ကြီးဌာနကို (၃၀)ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) လုပ်ငန်းစဉ်အတွက် (၃၀) ရာခိုင်နှုန်းနဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) လုပ်ငန်းစဉ်အတွက် (၄၀) ရာခိုင်နှုန်း ခွဲဝေပေးရမှာ ဖြစ်ပါတယ်။

399794735_363236849564116_7992730933870672681_n.jpg

ကောလင်းမြို့/Photo - Kawlin Revolution - KR

ကောလင်းမှာတော့ အခွန်အခ ကောက်ခံရငွေတွေနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်မှု အားနည်းခဲ့တယ်လို့ ERO ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ စီးပွားရေးလုပ်နေတဲ့ သူတွေရှိပါတယ်။ ကောလင်းမှာဆိုရင် ရွှေမှော်တွေ ရှိပါတယ်။ ကျောက်ပုထိုး ရွှေမှော်မှာဆိုရင် ကောလင်းမြို့နယ်က ပုဂ္ဂိုလ်တွေ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်နေတယ်။ ဒီဘက်မှာလည်း မြို့နယ်အဆင့် အုပ်ချုပ်ရေးအဆင့် အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားသလို ဟိုဘက်မှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေ ရှိပါတယ်။ ကျနော်တို့ အားလုံး သိထားတယ်။ အတွင်းထဲမှာ လှိုက်စားနေတဲ့ ဟာတွေကတော့ ဖယ်ထုတ်မှ ဖြစ်မယ်”

ကောလင်းတိုက်ပွဲမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို စနစ်တကျ ဖြည့်တင်းပေးခဲ့သလို မြို့မကျရေး အတွက်လည်း စစ်ရေး အတွေ့အကြုံရင့်တဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ အကောင်းဆုံး ခုခံကာကွယ်ခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က MFP ကို ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်၊ တိုက်ပွဲမဖြစ်ခင်ကတည်းက ဒေသခံ ပြည်သူတွေကို ဘေးကင်းလုံခြုံရာ နေရာတွေ ရွှေ့ပြောင်းပေးခဲ့ပြီး စားသောက်နေထိုင်ရေးအတွက်ပါ စီမံ ပေးထားတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

တချိန်တည်းမှာပဲ ကောလင်းကို မြို့သိမ်းနိုင်သည်အထိ အစွမ်းပြခဲ့တဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေဟာ လူမှုကွန်ယက်မှာ အလှူငွေကောက်ခံမှု မရှိသလောက် နည်းပါးပြီး ခြေသံတိတ် လှုပ်ရှားတဲ့ တပ်ရင်း တပ်ဖွဲ့တွေ အဖြစ် ချီးကျူးခံရပါတယ်။

   အချင်းချင်း မဟာမိတ်ဆက်ဆံရေး မတည်ဆောက်နိုင်မှု

တော်လှန်ရေး တည်ဆောက်ရင်းနဲ့ မြန်မာနိုင်ငံ နေရာအနှံ့မှာ ကရင်ပြည်၊ ရှမ်းပြည်၊ ဝဒေသ၊ ပလောင်ဒေသ၊ ကချင်ဒေသ အကုန်လုံးမှာ ဖြန့်ကျက်ပြီးမှ ကျနော်တို့ အင်အားတွေ တည်ဆောက်ခဲ့တယ်။ မဟာမိတ် အင်အားတွေကို တည်ဆောက်တယ်။ အပြန်အလှန် ကူညီတယ်။ ဆိုတော့ တိုင်းရင်းသား ဒေသတွေရဲ့ အနေအထားတွေကိုရော မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လက်တွေ့ကျကျ နားလည် သဘောပေါက်လာတယ်လို့ ပြောလို့ရပါတယ်။ အင်အားအနေနဲ့တော့ မဟာမိတ် အင်အားဆိုတာလည်း အင်မတန် အရေးကြီးပါတယ်”

ဒါက ဖေဖော်ဝါရီ(၂)ရက်မှာ BBC က ထုတ်လွှင့်တဲ့ သီးသန့်အင်တာဗျူးမှာ ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောပြသွားတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာက စတင်ပြီး ကိုးကန့်နဲ့ ပလောင်ဒေသ အပါအဝင် ရှမ်းမြောက်မှာ မဟာမိတ် ညီနောင်သုံးဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုတွေက ညီညွတ်မှုနဲ့ မဟာမိတ် ဆက်ဆံရေး အင်အားက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သက်သေပြနေပါတယ်။

1.png

၂၀၂၃ နိုဝင်ဘာက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/Photo - CJ

ဒါပေမယ့် အညာဒေသ တော်လှန်ရေး အင်အားစု အချင်းချင်းကြားမှာတော့ မဟာမိတ် ဆက်ဆံရေး မတည်ဆောက် နိုင်သေးဘဲ စစ်ကိုင်းနဲ့ မကွေးတိုင်းက စစ်ပွဲတွေ၊ ကောလင်းနဲ့ ထီးချိုင့်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေက ဆင်ခြင်စရာ ဖြစ်တယ်လို့ EAO ခေါင်းဆောင်က ဆိုပါတယ်။

အမိန့်ပေးကွပ်ကဲမှုစနစ် - Chain of Command (COC) လို့ ပြောတဲ့အခါမှာ NUG အောက်က ပြည်သူ့ ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖနဲ့ PDF တပ်ရင်း တပ်ဖွဲ့တွေဟာ တလွဲ တွေးခေါ်ကြသလို NUG လက်အောက်ခံ မဟုတ်တဲ့ Local အဖွဲ့တွေကလည်း တလွဲ တွေးခေါ်နေကြပြီး မဟာမိတ် ဆက်ဆံရေး မတည်ဆောက်နိုင် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ကောလင်းနဲ့ ထီးချိုင့် တိုက်ပွဲတွေမှာ တန့်ဆည်၊ ဒီပဲယင်း စတဲ့ စစ်ကိုင်းတိုင်း အလယ်ပိုင်းနဲ့ အောက်ပိုင်းက တော်လှန်ရေး အဖွဲ့တွေက လာကူတိုက်ပေးဖို့ တောင်းဆိုလာတာမျိုး ရှိပေမယ့် မကြိုဆိုဘဲ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောမျိုးတွေဟာ မလိုအပ်ဘဲ ဆုံးရှုံးစရာတွေ ဖြစ်လာစေတဲ့ အကြောင်းတရားတွေ ဖြစ်တယ်လို့ ERO ခေါင်းဆောင်က ပြောပါတယ်။

399980629_390854139940379_551136443423798834_n.jpg

၂၀၂၃ နိုဝင်ဘာက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/Photo - CJ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက Local အဖွဲ့တချို့ အနေနဲ့ NUG လက်အောက်ခံ ရင်း(PDF တပ်ရင်း) ကျဖို့ NUG ထံ တင်ပြပေမယ့် ရင်းမကျတဲ့ Local အဖွဲ့တွေ များစွာ ရှိနေပြီး NUG အောက်မှာ ရင်းတစ်ခု ရရှိဖို့အတွက်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်နဲ့ ခင်ရမယ်၊ မြို့နယ် တာဝန်ခံနဲ့ ခင်ရမယ်၊ ဒါမျိုးမှသာ ရင်းအဖြစ် ရရှိတာမျိုးတွေ ရှိတယ်လို့ အညာတော်လှန်ရေး ရဲဘော်တချို့က ပြောပါတယ်။

ဒါ့အပြင် PDF ရဲဘော်တစ်ဦးတည်းက တပ်ရင်းနှစ်ခုလောက်မှာ ပါဝင်နေတာလည်း ရှိနေတတ်ပြီး တချို့ နေရာတွေမှာ တပ်ရင်းတွေ ဖွဲ့ထားပေမယ့် အင်အား မပြည့်မီတာတွေလည်း ပေါ်ပေါက်နေတယ်လို့ အညာ တော်လှန်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ မှာတော့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ပျက်ပြီး NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အဖြစ်က နှုတ်ထွက်ကာ Local အဖြစ် ပြန်လည် ရပ်တည်တဲ့ တော်လှန်ရေး အဖွဲ့တွေလည်း အညာမှာ ပေါ်ပေါက်နေတယ်လို့ အညာတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ရင်းထဲကနေ ထွက်ပြီး local အနေနဲ့ ရပ်တည်နေတဲ့ဟာတွေ အများကြီးပဲဗျ။ ကျနော်တို့က အဲဒီ Local တွေကို ကျေးဇူးတင်တာက စိတ်ပျက်ပြီးတော့ စစ်ကောင်စီနဲ့ ပေါင်းမသွားဘဲနဲ့ စစ်ကောင်စီကို ဆက်ပြီး တိုက်နေတာလေးကိုပဲ ကျေးဇူးတင်နေတာ”

400725813_390854236607036_3776728728248215422_n.jpg

၂၀၂၃ နိုဝင်ဘာက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ/Photo -​ NUG

စစ်တိုက်ရာမှာ COC တစ်ခုတည်းအောက်က သွားပါက ပိုပြီး အောင်မြင်၊ ထိရောက်နိုင်မယ် ဆိုတာ ငြင်းစရာ မရှိပေမယ့် စစ်ကိုင်းတိုင်းရဲ့ အခြေအနေဟာ NUG မပေါ်ခင် ကတည်းက မြေပြင်မှာ လက်နက်ကိုင် ခုခံမှုတွေ၊ စုဖွဲ့မှုတွေ ပေါ်ပေါက်နေတာ ဖြစ်လို့ မြေပြင်အရှိတရားနဲ့ ကိုက်ညီတဲ့ အမိန့်ပေးစနစ်မျိုးကို စဉ်းစားသင့်တယ်လို့ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ ကိုစိုးဝင်းဆွေက အကြံပြုပါတယ်။

ဒါကြောင့် တစ်ခုတည်းသော COC ဆိုတဲ့ အရာကို ဇွတ်အတင်း အကောင်အထည် ဖော်ရင် ပြဿနာပေါ် ပြဿနာဆင့်သလို ဖြစ်နိုင်တယ်လို့ ကိုစိုးဝင်းဆွေက သုံးသပ်ပါတယ်။

တစ်ခုတည်းသော စုစည်းမှု ဖြစ်အောင် လုပ်တာကတော့ ကောင်းတယ်။ သို့သော်ငြားလည်း အဲသလို လုပ်တဲ့ နေရာမှာ ပြောဆို ညှိနှိုင်းမှုတွေ ကနေတဆင့် အဖြေရှာတာမျိုးပဲ ဖြစ်သင့်တယ်။ အဲလိုမဟုတ်ဘဲနဲ့ ငါတို့က လက်နက်အင်အား သာလွန်တယ်။ လူအင်အား သာလွန်တယ်။ ငါတို့အောက်ကို ဝင်ကို ဝင်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စုမယ် ဆိုရင်ဒါက ပြဿနာထပ်ပြီး မွေးသလို ဖြစ်မှာပဲလေ”

မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို NUG ဝန်ကြီးတွေအနေနဲ့ သိရှိမှု အားနည်းနေပြီး ကိုယ်နဲ့ လက်သင့်ရာ ကိုယ့်အဖွဲ့အစည်းရဲ့ တင်ပြချက်တွေ သာမက ပြည်သူ့အသံကိုလည်း များများ နားထောင်သင့်တယ်လို့ ERO ခေါင်းဆောင်ကလည်း အကြံပြုပါတယ်။

ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ မဟာမိတ်ဆက်ဆံရေး၊ တပ်ပေါင်းစု မဖွဲ့နိုင်သရွေ့ ဟောဒီ တော်လှန်ရေး ဘယ်တော့မှ မအောင်ဘူး။ တော်လှန်ရေး အဓွန့်ရှည်အောင် လုပ်နေတာက တော်လှန်ရေးမှာ ပါနေတဲ့ လူငယ်တွေ အပြစ်မဟုတ်ဘူး၊ ဦးဆောင်နေတဲ့လူတွေ။ သူတို့မှာ လိုအပ်ချက် ရှိလိမ့်မယ်”

427414064_122094948242219047_5613169752579727663_n.jpg

ကောလင်းမြို့ထဲ ထိုးဖောက်ဝင်ရောက်လာနိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု ကို ဖေဖေါ်ဝါရီ(၁၀)ရက်က တွေ့ရစဉ်/Photo - စစ်အုပ်စု

  • ကောလင်းတိုက်ပွဲမှာ မြင်တွေ့ရတဲ့ အားသာချက်တွေ

ကောလင်းမြို့လို လူဦးရေ သောင်းဂဏန်းသာ ရှိတဲ့ မြို့ငယ်လေးကို စစ်အုပ်စုက ဂုဏ်သိက္ခါအရ ပြန်လည် ရယူဖို့ ကြိုးစားရာမှာ တော်လှန်ရေး အဖွဲ့တွေဘက်က ဆုံးရှုံးမှုတွေ ရှိသလို စစ်အုပ်စုအတွက်လည်း အရင်းအနှီး ကြီးခဲ့ပါတယ်။

ကောလင်းကို ပြန်လာတိုက်ခိုက်တဲ့ စစ်အုပ်စုထဲ အများစုဟာ ကန့်ဘလူနယ်က ပျူတွေဖြစ်ပြီး တချို့ကတော့ ထောင်သားတွေ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ ကောလင်းကို ပြန်တိုက်ဖို့ ကန့်ဘလူမှာ အင်အားစုစည်းနေချိန် ထွက်ပြေးလာသူတချို့ရဲ့ ထွက်ဆိုချက်အရ စစ်အုပ်စုဟာ နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ထောင်သားတချို့ကို ရွေးထုတ်ပြီး တိုက်ပွဲနိုင်ရင် လွတ်ငြိမ်းခွင့်ရမယ်လို့ မက်လုံးပေးကာ စစ်တိုက်ခိုင်းတာလို့ ဆိုပါတယ်။ တိုက်ပွဲမှာတော့ စစ်အုပ်စုက လူးသားလှိုင်း သဘောမျိုးနဲ့ အများအပြား အသေခံပြီး မြို့ကို ပြန်ရဖို့ တိုက်ခိုက်တာလို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေက ဆိုပါတယ်။

422898502_763435779152503_2696776945477826044_n.jpg

ကန့်ဘလူနယ် ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ နဲ့ ပျူတချို့/Photo - စစ်အုပ်စု

ပြီးခဲ့တဲ့ နိုဝင်ဘာက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းယူတဲ့ သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်အုပ်စု (၅၀)လောက်သာ သေမယ့် ယခုတစ်ကြိမ် တိုက်ပွဲမှာ သေတဲ့ စစ်အုပ်စု အရေအတွက်က နိုဝင်ဘာတိုက်ပွဲထက် သုံးဆ၊လေးဆလောက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

သတင်း မထုတ်ပြန်သေးပေမယ့် ကောလင်းတိုက်ပွဲအတွင်း စစ်အုပ်စု အလောင်းနဲ့ လက်နက် အများအပြား သိမ်းဆည်း ရရှိခဲ့တယ်လို့ ကောလင်းခရိုင် (ပကဖ)အဖွဲ့ဝင်က ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စု အနေနဲ့ ကောလင်းတိုက်ပွဲမှာ တိုက်လေယာဉ်တွေကိုသာ အဓိက အသုံးပြုခဲ့ပြီး (MI-35) လို အနိမ့်ပျံ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ယခင်လောက် မသုံးရဲတော့တာလည်း တွေ့ရတယ်လို့ EAO ခေါင်းဆောင်က ပြောပါတယ်။

လေယာဉ်က တိတိကျကျ တိုက်ဖို့ဆိုတာ မလွယ်ဘူးဗျ။ လေယာဉ်တစ်စီးမှာ ပေါင်(၅၀၀)ဗုံး တစ်လုံးပဲ သယ်နိုင်တယ်။ အဲဒီ ဗုံးတစ်လုံးကလည်း ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်မှ ပစ်မှတ်ကို ကျတယ်။ ရမ်းပစ်ရတယ် လေယာဉ်က။ (MI-35) ဆိုတာ သေသေချာချာ တည်ပစ်ရတာ။ (MI-35) တွေလည်း အခုနောက်ပိုင်း သိပ် မသုံးရဲတော့ဘူး။ ပစ်ချမှာကြောက်လို့”

photo_2024-02-09_10-45-15_3.jpg

ကောလင်းတကျော့ပြန်တိုက်ပွဲဖြစ်တဲ့ ဖေဖေါ်ဝါရီ(၁၀)ရက်မှာ တော်လှန်ရေးတပ်တွေ သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတချို့/Photo - ကောလင်းခရိုင် PDF တပ်ရင်း(၂)

ကောလင်းမြို့ကို ပြန်လည်သိမ်းယူခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့

“ကောလင်းမြို့ဟာ စစ်ကိုင်းတိုင်းရဲ့ တောင်နဲ့ မြောက် ဆက်သွယ်မှုအရ အရေးကြီးတဲ့ မြို့ဖြစ်ပြီး ကောလင်းမြို့ အနီးရှိ သဖန်းဆိပ်ဆည် ပတ်ဝန်းကျင်မှာ တရားမဝင် ရွှေလုပ်ကွက်နဲ့ ရေနံလုပ်ကွက်တွေ ရှိနေတာကြောင့် အဲ့တာတွေကို စိုးမိုးထန်းချုပ်နိုင်ဖို့ PDF တွေက မြို့ကို လာတိုက်ခိုက် သိမ်းယူတာ ဖြစ်ကြောင်း၊ စစ်အုပ်စု အနေနဲ့ လာတိုက်ခိုက်တဲ့ PDF တွေကို ခုခံခဲ့ပေမယ့် အဲ့ဒီအချိန်က ထီးချိုင့်မြို့လည်း တိုက်ခိုက်ခံနေရလို့ အင်အား ဖြန့်ခွဲခဲ့ရပြီး ကောလင်းမြို့ လက်လွှတ်ခဲ့ရကြောင်း၊ ဒါပေမယ့် ကောလင်းမြို့ကို စစ်အုပ်စုက အသင့်အတင့် အင်အားနဲ့ ဝိုင်းပတ်ပိတ်ဆို့ ထားခဲ့ပြီး ဒီဇင်ဘာက စလို့ လေ့ကျင့်ပြင်ဆင်တာ၊ စုဖွဲ့တာတွေ လုပ်ကာ အဆင့်ဆင့် ခြေကုတ်ယူပြီးနောက် ဖေဖေါ်ဝါရီလဆန်းမှာ လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ချီတက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ (၁၈)ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဖေဖေါ်ဝါရီ (၁၀)ရက်မှာ ကောလင်းမြို့ကို အပြီးတိုင် ပြန်သိမ်းယူနိုင်ခဲ့တယ်” လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကောလင်းမြို့ကို ပြန်သိမ်းနိုင်ပြီလို့ ကြေညာထားတာ (၁၀)ရက်ကျော် ကြာပြီဖြစ်ပေမယ့် ဒေသခံတွေကိုတော့ ဒီနေ့အထိ မြို့ထဲ ပြန်ဝင်ခွင့် မပြုသေးပါဘူး။

427998002_392714263344726_3812198985187230388_n.jpg

မြို့လုံးကျွတ် စစ်ပြေးနေရတဲ့ ကောလင်းမြို့ခံ ပြည်သူတွေ/Photo - ကောလင်းမြို့နယ် ပအဖ

လက်ရှိမှာ စစ်အုပ်စုက ကောလင်းမြို့ကို မီးရှို့ပြာချဖို့ ကြိုးစားနေပြီး မြို့တွင်းမှာ နေစဉ် မီးလောင်နေသလို စစ်အုပ်စုက နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဘိုးကြီးပစ္စည်းတွေကို စစ်ကားတွေနဲ့ ဝန်းသိုမြို့ဘက် သယ်ထုတ် နေတယ်လို့ ကောလင်းခရိုင် (ပကဖ) အဖွဲ့ဝင်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကောလင်းမြို့လုံးကျွတ် စစ်ပြေးနေရပြီး စစ်ပြေးရက် ကြာရှည်လာချိန် စားသောက် နေထိုင်ရေးနဲ့ ဆေးဝါး လိုအပ်ချက် ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကောလင်းမြို့ကို ဆုံးရှုံးလိုက်တာဟာ နွေဦးတော်လှန်ရေးကြီး တစ်ခုလုံး ရှုံးနိမ့်သွားတာ မဟုတ်ဘဲ NUGPDF နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး စစ်အုပ်စုကို အမြစ်ဖြတ်ကာ တော်လှန်ရေး အောင်ပွဲ ဆင်ဖို့ EAO ခေါင်းဆောင်က ယုံကြည်မျှော်လင့်နေပါတယ်။

ကျနော်တို့ မထားသင့်တဲ့ သဘောထားလေးတွေ ထားကြတဲ့အတွက် နောက်ဆုတ်ရတဲ့ အခြေနေပဲ။ ဒါပေမယ့် ဒါကြီးက စစ်ရှုံးသွားတယ်လို့ ပြောလို့ မရပါဘူး။ ဆုံးရှုံးမှုတွေတော့ ရှိတာပေါ့ဗျာ။ သေချာတာကတော့ ပြန်တိုက်မှာ။ အရင်လို အမှားမျိုး မကျူးလွန်ဖို့။ ဒါတွေအားလုံးကို ပြင်ဆင်နိုင်မယ်ဆိုရင် ကောလင်းရော၊ ထီးချိုင့်ရော၊ ပြန်သိမ်းနိုင်မှာ”

428150023_392714420011377_8393007230745812908_n.jpg

မြို့လုံးကျွတ် စစ်ပြေးနေရတဲ့ ကောလင်းမြို့ခံ ပြည်သူတွေ/Photo - ကောလင်းမြို့နယ် ပအဖ

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ