စစ်အုပ်စုရဲ့ သင်္ဘောတွေ မန္တလေးကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်၊ မြစ်ကမ်းဘေးက ပြည်သူတွေ ဂရုစိုက်ကြဖို့ သတိပေး

စစ်အုပ်စုရဲ့ သင်္ဘောတွေ မန္တလေးကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်၊ မြစ်ကမ်းဘေးက ပြည်သူတွေ ဂရုစိုက်ကြဖို့ သတိပေး

MFP ၊ ဩဂုတ် - ၈

လက်နက်တွေ တင်ဆောင်ထားတဲ့ စစ်အုပ်စုရဲ့ သင်္ဘောတွေ ဒီမနက် မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ထွက်ခွါသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီသင်္ဘောတွေဟာ သံခွန်အသေးတစ်စီးနဲ့ ရိက္ခာတင် ပင်လုံ၊ ပြည်သူ၊ ပြဒါးရှင်၊ ပတိုင်း၊ ပုံညာ စုစုပေါင်း (၆)စီးအုပ်စုက ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတာဖြစ်ပြီး မနက် (၉)နာရီလော်ကမှာတော့ မင်းကွန်းအနီးတဝိုက်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

မင်းကွန်းရေကြောင်းနဲ့ ကျောက်မြောင်းရေကြောင်းကြား ရေဆိပ်ကမ်းအနီးနားမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေနဲ့ ရေကြောင်းကို အသုံးပြုနေတဲ့ စက်လှေ၊ မော်တော်တွေ ဂရုစိုက် သတိထားသွားလာကြဖို့နဲ့ မလိုအပ်ရင် အသွားအလာရပ်နားကြဖို့ ဝက်လက်နယ် ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မြေဩဇာက သတိပေးပါတယ်။

အဲဒီသင်္ဘောတွေရဲ့ အမိုးပေါ်မှာ စက်လက်တွေ၊ အမြောက်တွေ၊ စနိုက်ပါတွေ တပ်ဆင်ထားတာဖြစ်လို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ ဂရုပြုနေထိုင်ကြဖို့အတွက် ထီးချိုင့်တော်လှန်ရေးအင်အားစုက ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ ရိက္ခာပို့စနစ်ကို ကုန်းကြောင်းက မသွားနိုင်တဲ့အတွက် ရေကြောင်းက ပြောင်းလဲပို့ဆောင်နေတာဖြစ်ပြီး ကုန်းကြောင်းက တင်ပို့တဲ့ ကားတန်းတွေ၊ ရထားတွေဟာ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်‌သင်္ဘောတွေ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်ရာမှာ မတ္တရာနယ်က စတင်ပြီး ကချင်ပြည်နယ်အထိ မြစ်ကမ်းဘေးရွာတွေကို စစ်အုပ်စုက ဝင်မွှေလုယက် ဓားပြတိုက်ခဲ့ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဂေါဝိန်ဆိပ်ကမ်း #စစ်အုပ်စု #ရိက္ခာတင်သင်္ဘော #ဧရာဝတီမြစ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ