မန္တလေးမှာ ဒီမနက် စစ်ကားကို ဖောက်ခွဲပေမယ့် မိုင်းဖျက်စက်ကြောင့် မထိရောက်၊ ပြည်သူတစ်ဦး ဒဏ်ရာရတဲ့အတွက် တောင်းပန်ကြောင်း GZP ထုတ်ပြန်၊

မန္တလေးမှာ ဒီမနက် စစ်ကားကို ဖောက်ခွဲပေမယ့် မိုင်းဖျက်စက်ကြောင့် မထိရောက်၊ ပြည်သူတစ်ဦး ဒဏ်ရာရတဲ့အတွက် တောင်းပန်ကြောင်း GZP ထုတ်ပြန်၊

MFP ၊ အောက်တိုဘာ - ၉

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၆၂)လမ်းပေါ်မှာ ဒီမနက်ပိုင်း ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ဟာ စကစ ရှစ်ယောက်ပါ DC ကို ဖောက်ခွဲ တိုက်ခိုက်တာ ဖြစ်ပြီး စစ်ကားပေါ်က ဖောက်ခွဲရေး ပိတ်ဆို့တဲ့ စက်ကိရိယာတွေကြောင့် ထိရောက်မှု မရှိခဲ့ဘူးလို့ Generation Z Power -GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၉)ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၆၂)လမ်း၊ (၂၇)လမ်းနဲ့ (၂၈) လမ်းကြားက အလယ်ပန်းခုံကနေ ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲချိန် ဖြတ်သွားတဲ့ လိုက်ထရပ်ကားတစ်စီးနဲ့ လမ်းလျှောက်သူ အမျိုးသမီးတစ်ဦး အနည်းငယ် ထိခိုက်ခဲ့တယ်လို့ မန္တလေး မြေပြင်ကင်းထောက်အဖွဲ့တွေက ဖော်ပြပါတယ်။

"ကင်းလှည့်လာသော စစ်ကောင်စီတပ်သား ရှစ်ဦးပါ DC တစ်စီးအား ကျွန်ုပ်တို့ Generation Z Power-GZP ( Mandalay ) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပဒေသာ နှစ်လုံးဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ သို့သော် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတွင် ဖောက်ခွဲရေး ပိတ်ဆို့သည့် စက်ကိရိယာများ ပါရှိသောကြောင့် လှုပ်ရှားမှု အောင်မြင်ခဲ့ခြင်း မရှိကြောင်း မိဘပြည်သူတို့အား အသိပေး အပ်ပါသည်။ ထိုလှုပ်ရှားမှုတွင် အပြစ်မဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ GZP အဖွဲ့မှ အနူးအညါတ် တောင်းပန်အပ်ပါကြောင်း အသိပေး ထုတ်ပြန် ကြေညာအပ်ပါသည်" လို့ GZP က ဖော်ပြပါတယ်။

စစ်အုပ်စုက လက်နက်အားကိုးနဲ့ မန္တလေးမြို့ပေါ် ပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီး သတ်-ဖြတ် အကြမ်းဖက်နေသလို မြို့ပြပြောက်ကျား တပ်ဖွဲ့ကလည်း စစ်အုပ်စုကို ရရာနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၁၁) ရက်တုန်းကလည်း မန္တလေးမြို့၊ (၆၂)လမ်း၊ (၂၉)လမ်းနဲ့ လမ်း(၃၀) ကြားမှာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီနှင့် ဒီမနက်ပိုင်း မန္တလေးမြို့ (၆၂)လမ်းပေါ် ဗုံးကွဲမှု ဖြစ်ပွားခဲ့စဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #၆၂လမ်း #ဗုံးပေါက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ