မန္တလေးအိုးဘိုထောင် ထောင်ဝင်စာ ပြန်လက်ခံ၊

မန္တလေးအိုးဘိုထောင် ထောင်ဝင်စာ ပြန်လက်ခံ၊

MFP ၊ အောက်တိုဘာ - ၃၁

ရန်ကုန် အင်းစိန်ထောင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်စဉ်ကို အကြောင်းပြကာ မန္တလေး အိုးဘိုထောင်မှာ ထောင်ဝင်စာပို့ခွင့် (၁၀)ကျော်ကြာ ကန့်သတ်ပိတ်ပင်ထားရာက ဒီနေ့ အောက်တိုဘာ (၃၁) ရက်ကစပြီး ထောင်ဝင်စာတွေ ပြန်လက်ခံနေပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

အောက်တိုဘာ(၁၉)ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ အင်းစိန်ထောင် ထောင်ဘူးဝရှေ့ ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့ နေရာမှာ ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီးနောက် စစ်အုပ်စုက သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ထောင်ဝန်ထမ်းနှင့် ပြည်သူ (၂၀)ကျော် ထိခိုက်သေဆုံးခဲ့ပြီးနောက် စစ်အုပ်စုက မန္တလေး အိုးဘိုအကျဉ်းထောင် အပါအဝင် တစ်နိုင်ငံလုံးက ထောင်တွေကို ထောင်ဝင်စာပို့ခွင့် ကန့်သတ် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

“ သတင်းတော့ ကြားပါတယ်၊ တကယ် ပို့လို့ ရ၊မရ ဆိုတာက စုံစမ်းရဦးမှာ “ လို့ မန္တလေးမြို့က နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူ မိသားစုဝင်တစ်ဦးက MFP ကို ဆိုပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရသူတွေအတွက် ထောင်ဝင်စာပို့ရာမှ တနင်္လာ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အချုပ်ကျနေသူတွေအတွက် ထောင်ဝင်စာ၊ ကြာသပတေး၊ သောကြာနဲ့ စနေနေ့တွေမှာ ထောင်ဒဏ်ချမှတ်ခံထားရသူတွေအတွက် ထောင်ဝင်စာတွေ လက်ခံမယ်လို့ စစ်အုပ်စုက ဆိုပြီး ချွင်းချက်အနေနဲ့ ဒီနေ့ အောက်တိုဘာ (၃၁) ရက်နဲ့ နိုဝင်ဘာ (၁) ရက်မှာတော့ အချုပ်ထောင်ဝင်စာကော၊ အကျထောင်ဝင်စာပါ နှစ်မျိုးလုံး လက်ခံပေးမယ်လို့ မန္တလေး အိုးဘိုထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန် အင်းစိန်နှင့် မန္တလေး အိုးဘိုအပါအဝင် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ယခင် အကျဉ်းသားတွေအပြင် စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ ကိုဗစ်အကြောင်းပြပြီး မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားတာကြောင့် ထောင်ဝင်စာပစ္စည်း ပေးပို့မှုကိုပဲ လုပ်ဆောင်နိုင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #ထောင်ဝင်စာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ