ရေဦးနယ် အနောက်ခြမ်း တမာတောနှင့် အနီးကရွာတွေကို ဖက်ဆစ်တပ်က ရဟတ်ယာဉ် လေးစီးနဲ့ ပစ်ခတ်နေ၊

ရေဦးနယ် အနောက်ခြမ်း တမာတောနှင့် အနီးကရွာတွေကို ဖက်ဆစ်တပ်က ရဟတ်ယာဉ် လေးစီးနဲ့ ပစ်ခတ်နေ၊

MFP ၊ နိုဝင်ဘာ - ၁၁

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အနောက်ခြမ်းရှိ တမာတော၊ ကုန်းသာ၊ ဖလန်ကုန်း၊ မြင်းမောက် စတဲ့ ကျေးရွာတွေကို ဒီမနက် (၁၀)နာရီဝန်းကျင်က စတင်ပြီး ဖက်ဆစ်တပ်က ရဟတ်ယာဉ် လေးစီးနဲ့ စီးနင်းပစ်ခတ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၁)ရက် မနက်(၉)နာရီကျော်မှာ မုံရွာ နမခ ခွေးခြံက တက်လာတဲ့ ရဟတ်ယာဉ်တွေ အပါအဝင် (Mi-17)နှစ်စီး၊ (Mi-35)နှစ်စီး၊ စုစုပေါင်း လေးစီးနဲ့ ရေဦးမြို့နယ် တမာတောရွာကို လေကြောင်းက ပစ်ခတ်နေတာလို့ ဒေသခံ မြေပြင်ကင်းထောက်တွေက ဆိုပါတယ်။

“ရေဦးမြို့နယ်သို့ အကြမ်းဖက်စစ်တပ်မှ (Mi-35)နှစ်စီး၊ (Mi-17)နှစ်စီးဖြင့် လေကြောင်း ပစ်ခတ်မှု လုပ်နေကြောင်း သိရပါသည်။ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရသဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်” လို့ စစ်ပြေးပြည်သူတွေကို ကူညီနေသူတစ်ဦးက ဆိုပါတယ်။

ဖက်ဆစ်တပ်ဟာ လက်နက်အားကိုးနဲ့ စစ်ကိုင်းတိုင်းထဲ ထင်တိုင်းကျဲ သောင်းကျန်းကာ လူသတ်၊ လုယက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရေဦးမြို့နဲ့ ထိစပ်နေတဲ့ ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို ရဟတ်ယာဉ်တွေနဲ့ စီးနင်း ပစ်ခတ်ပြီးနောက် ကျောင်းသားကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူ အနည်းဆုံး (၁၂)ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #ရေဦး #ဒီပဲယင်း #လေကြောင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ