မတ္တရာ ကင်းရွာက Non CDM ဆရာမကို သတင်းပေးလုပ်တယ်ဆိုကာ အုပ်စုဖွဲ့သ-တ်ဖြ-တ်မှု ရှုတ်ချတယ်လို့ မတ္တရာ ပကဖ ထုတ်ပြန်

မတ္တရာ ကင်းရွာက Non CDM ဆရာမကို သတင်းပေးလုပ်တယ်ဆိုကာ အုပ်စုဖွဲ့သ-တ်ဖြ-တ်မှု ရှုတ်ချတယ်လို့ မတ္တရာ ပကဖ ထုတ်ပြန်

MFP ၊ စက်တင်ဘာ - ၇

မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာက Non CDM ဆရာမတစ်ဦးကို စစ်အုပ်စု သတင်းပေးလုပ်ဆောင်တယ်ဆိုပြီး စက်တင်ဘာလ (၆) ရက် ညနေပိုင်းမှာ လူတစ်စုက အုပ်စုဖွဲ့ သ-တ်ဖြ-တ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။

မြေပြင်စုံစမ်းချက်အရ အဲဒီဆရာမဟာ စစ်အုပ်စုကို သတင်းပေးကြောင်း တိကျခိုင်မာတဲ့ သက်သေမတွေ့ရသေးဘဲ သံသယအဆင့်သာ ရှိသေးတာကြောင့် အဲဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ လက်လွတ်စပယ် သ-တ်ဖြ-တ်တာ မလုပ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ အများပြည်သူ နေထိုင်ရာ ကျေးရွာအတွင်း ဝင်ရောက်ပြီး ဂိုဏ်းစတားဆန်ဆန် အုပ်စုဖွဲ့ သ-တ်ဖြ-တ်ခြင်းသည် အများပြည်သူတို့၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေရုံမျှမက တော်လှန်ရေးပုံရိပ်ကိုလည်း များစွာ ထိခိုက်စေပါသည် “ လို့ မတ္တရာ ပကဖက ဆိုပါတယ်။

စက်တင်ဘာလ (၆) ရက် ညနေပိုင်းမှာ အလယ်တန်းပြဆရာမ ဆရာမ ဒေါ်အိခိုင်ရဲ့ နေအိမ်ကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦး ရောက်လာပြီး ပစ္စတိုနဲ့ တစ်ချက်ပစ်ခတ်ကာ ဓားနဲ့ ထိုးခုတ်ခဲ့တဲ့အတွက် လည်ပင်ထိုးသွင်းဒဏ်ရာ၊ ယာပုခုံးပြတ်ရှဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ယာနားနောက်ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၃)ချက်၊ ယာပါးပြတ်ရှဒဏ်ရာ (၃)ချက်တို့ ရရှိခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ စစ်အုပ်စုလော်ဘီတွေဘက်က သတင်းဖြန့်ထားပါတယ်။

အခုဖြစ်စဉ်မတိုင်မီ သာမန်အရပ်သားတွေအပေါ် စစ်အုပ်စုသတင်းပေးအဖြစ် သံသယနဲ့ မှားယွင်းသ-တ်ဖြ-တ်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း မှတ်တမ်းတွေ ရှိပြီး ဒီလုပ်ရပ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်သ-တ်ဖြ-တ်မှုတွေနဲ့ တူညီနေတာကို သတိပြုသင့်တယ်လို့ မတ္တရာ ပကဖက ပြောဆိုပါတယ်။

ဖြစ်စဉ်အပေါ် အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး တွေ့ရှိချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့ မတ္တရာပကဖရဲ့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

အဲဒီ Non CDM ကျောင်းဆရာမ အသ-တ်ခံရပြီးနောက် ဒီနေ့မှာ ကင်းကျေးရွာထဲ စစ်အုပ်စုက အင်အားတွေ ထပ်မံတိုးချဲ့နေသလို နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရသေးသလို မတ္တရာအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တွေဘက်က ထုတ်ပြန်မှုလည်း မရှိသေးပါဘူး။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ကင်းရွာ #NonCDM #ဆရာမ #မတ္တရာပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ