မန္တလေး - မေမြို့လမ်းမှာ စစ်ယာဉ်တန်းကို ပုသိမ်ကြီး ပကဖ က မိုင်းဆွဲတိုက်ခိုက်၊

မန္တလေး - မေမြို့လမ်းမှာ စစ်ယာဉ်တန်းကို ပုသိမ်ကြီး ပကဖ က မိုင်းဆွဲတိုက်ခိုက်၊

MFP ၊ အောက်တိုဘာ - ၆

မန္တလေး - မေမြို့လမ်း၊ ထုံးဘိုရွာ၊ မိုင်တိုင်(၁၁)အနီးမှာ မနေ့က နေ့လည်ပိုင်း မေမြို့ဘက်က ဆင်းလာတဲ့ စစ်အုပ်စု ယာဉ်တန်းကို ပဒေသာမိုင်း တစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၅)ရက် မွန်းလွဲ(၃)နာရီခွဲက မေမြို့ဘက်က ဆင်းလာတဲ့ စစ်အုပ်စု ကားတန်းကို ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် တစ်လုံးသာ ဖောက်ခွဲနိုင်ခဲ့ပြီး ချက်ကောင်း မထိခဲ့ဘူးလို့ ဆိုပါတယ်။

“ပြင်ဦးလွင်ဘက်မှ ဆင်းလာသော စစ်‌ခွေးကား ယာဉ်တန်းအား ထုံးဘို အကျော် မိုင်တိုင် (၁၁)အနီး ကြိုတင်စီမံထားသော ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ပါသည်။ အခြေအနေ အရ တစ်လုံး သာ ဖောက်ခွဲ နိူင်ခဲ့ပြီး စခများ (သေနေ့ မစေ့သေးသောကြောင့်) ထိခိုက်မှု အနည်းငယ်သာ ရရှိသွားပြီး ပတ်ဝန်းကျင်အား ကြောက်အားလန့်အားဖြင့် သေနတ် အချက်(၂၀)ခန့် ရမ်းသမ်းပစ်ခတ် နေခဲ့‌သော‌ကြောင့် ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွါ လာနိူင်ခဲ့ပါသည်” လို့ ပုသိမ်ကြီး ပကဖ က ဖော်ပြပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုက ရမ်းကား ပစ်ခတ်တာ၊ လမ်းသွားလမ်းလာတွေကို ရန်ပြု သောင်းကျန်း စစ်ဆေးတာတွေ အပြင် အနီးဝန်းကျင်က ခြံတွေထဲ စီးနင်းဝင်ရောက် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြောင်း မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ Vomdy နှင့် MDY Revolution တို့က ဖော်ပြပါတယ်။

“နောက်နောင်တွင်လည်း စကစ ကျွန်များအား အလျဉ်းသင့်သလို တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် မိဘပြည်သူများ အနေနဲ့ စစ်ခွေး ၊ ရဲခွေး ယာဉ်တန်း များ နှင့် ခပ်ခွါခွါ နေပေးကြပါ။ ပြည်သူလူထုကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် အကြမ်းဖက်နေသော စကစ လက်အောက်ခံ ကျွန်များအား ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ အချိန် နေရာ မရွေး တိုက်ခိုက် ရှင်းလင်း သွားမည် ဖြစ်သောကြောင့် မိဘပြည်သူများ အတတ်နိူင်ဆုံး သတိ မပြတ် သွားလာပေးကြပါရန် တောင်းဆိုအပ်ပါသည်” လို့ ပုသိမ်ကြီး ပကဖ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ လမ်းတွေ၊ ရပ်ကွက်တွေနှင့် မြို့အဝင်အထွက်တွေမှာ ဂိတ်တွေဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ရန်ပြု သောင်းကျန်း သတ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက မန္တလေး - မေမြို့လမ်းမှာ စစ်အုပ်စုကို မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့စဉ်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ #ထုံးဘို #ပုသိမ်ကြီးပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ