ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ်ပြီး စကစ သုံးယောက်သေ၊ စစ်အုပ်စုက ချောင်းခွရွာထဲ ဝင်မွှေလုယက်ပြီး နေအိမ်(၁၀)လုံးကျော် မီးရှို့ဖျက်ဆီး၊

ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ်ပြီး စကစ သုံးယောက်သေ၊ စစ်အုပ်စုက ချောင်းခွရွာထဲ ဝင်မွှေလုယက်ပြီး နေအိမ်(၁၀)လုံးကျော် မီးရှို့ဖျက်ဆီး၊

MFP ၊ သြဂုတ် - ၁၃

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ချောင်းခွရွာအနီးမှာ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မနေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စကစ သုံးယောက် သေတယ်လို့ People's Defence Force (Kalay) – PDF Kalay က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၂)ရက် မနေ့က မနက်(၁၁)နာရီကနေ ညနေ(၅)နာရီအထိ ကလေးမြို့နယ် တောင်ပိုင်း ချောင်းခွရွာ အနီးမှာ အင်အား (၁၅၀)လောက် ရှိတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ PDF (Kalay) တပ်ရင်း (၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) နှင့် ပ.က.ဖ (ကလေး) ၊ CNDF ပူးပေါင်း တပ်ဖွဲတွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား သုံးဦးခန့် သေဆုံးပြီး PDF (Kalay) မိုင်းတပ်ဖွဲ၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားနိုင်ကြောင်း သိရပါသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများဘက်မှ အထိအခိုက် မရှိခဲ့ပါ။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများသည် ညနေ(၅)နာရီခန့်တွင် ချောင်းခွရွာအတွင်းသို ဝင်ရောက်ပြီး နေအိမ်များကို မီးရှိဖျက်စီးခဲ့သဖြင့် နေအိမ်(၁၂)လုံး မီးလောင် ပျက်စီးခဲ့ပါသည်” လို့ PDF Kalay က ဖော်ပြပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဩဂုတ်(၈)ရက်ကတည်းက ကလေးမြိုနယ်တောင်ပိုင်း သာယာကုန်းရွာထဲ ဝင်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး အဲ့ဒီကတဆင့် ကျွန်းချောင်းရွာနှင့် အနောက်စံသာရွာတွေဘက် ဆက်လက် ဝင်မွှေသောင်းကျန်းချိန် မနေ့က မနက်ပိုင်းမှာ ဒေသကာကွယ်ရေး တပ်တွေနှင့် တိုက်ပွဲ ဖြစ်တာလို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုက ချောင်းခွရွာက တဆင့် ကလေးမြိုနယ်တောင်ပိုင်းက ရွာတွေဘက် ဆက်လက် ထွက်ခွာသွားတယ်လို့ PDF Kalay က ဖော်ပြပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းမှာ ယခုလဆန်းပိုင်းက စတင်ပြီး စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေက တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ ကျည်ဆံ လိုအပ်နေလို့ အများပြည်သူက ဝိုင်းဝန်းထောက်ပံ့ လှူဒါန်းပေးကြဖို့ PDF (Kalay) တပ်ရင်း ၁ ၊ ၂ ၊ ၃၊ ၅ ၊ ၆ ၊ ၇၊ ၈ ၊ ၁၂ တိုနှင့်အတူ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF - KKG ၊ RKDF စတဲ့ ပူးပေါင်း‌တပ်ဖွဲတွေက အလှူခံနေပါတယ်။

ကလေးဒေသ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ RKDF ရဲဘော်တချို့/Photo – RKDF

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #PDF #ကလေး #တိုက်ပွဲ #ချောင်းခွရွာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ