မင်းအောင်လှိုင် ခိုးထားတဲ့ ဒေါ်လာ သန်း(၂၀) ကျော်တန်တဲ့ မြေနဲ့ အဆောက်အဦးကို ဒေါ်လာ (၇) သန်း နဲ့ NUG ရောင်းချ၊ မင်းအောင်လှိုင်ပိုင်တဲ့အထဲက မြေနဲ့ အဆောက်အဦ ဒုတိယမြောက် ဆက်လက်ရောင်းချခဲ့တာဖြစ်

မင်းအောင်လှိုင် ခိုးထားတဲ့ ဒေါ်လာ သန်း(၂၀) ကျော်တန်တဲ့ မြေနဲ့ အဆောက်အဦးကို ဒေါ်လာ (၇) သန်း နဲ့ NUG ရောင်းချ၊ မင်းအောင်လှိုင်ပိုင်တဲ့အထဲက မြေနဲ့ အဆောက်အဦ ဒုတိယမြောက် ဆက်လက်ရောင်းချခဲ့တာဖြစ်

MFP ၊ ဩဂုတ် - ၅

တော်လှန်ရေးရန်ပုံငွေအတွက် မင်းအောင်လှိုင် မတရားသဖြင့် ခိုးထားတဲ့ ပိုင်ဆိုင်မှုတွေထဲက တန်ဖိုးမြင့် မြေကွက်နဲ့ အဆောက်အဦတစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရက အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယမြောက် အစီအစဉ်အဖြစ် အစုရှယ်ယာတွေကို ဒီနေ့မနက်ပိုင်းက စတင်ပြီး ထုတ်ပြန်ရောင်းချခဲ့ပါတယ်။

NUG က အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ခိုးယူတဲ့ ရန်ကုန်မြို့ အင်းလျားလမ်း က ခြံအမှတ် (၁၄) ကို EOD ပထမအကြိမ်ပရောဂျက် အဖြစ် ဒေါ်လာ (၁၀) သန်း သတ်မှတ်ကာ အစုရှယ်ယာ တစ်သိန်းကို ရောင်းချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အခုလည်း ဒုတိယ အစီအစဉ်ဖြစ်တဲ့ [email protected] Mile မှာ မင်းအောင်လှိုင် မတရားသဖြင့် ခိုးထားတဲ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၆) မိုင်ခွဲမှာရှိတဲ့ နိုင်ငံတော်ပိုင် မြေနဲ့အဆောက်အအုံရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်ခွင့်ကို အများပြည်သူ ဝယ်ယူနိုင်ဖို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှာ စတင်ရောင်းချနေပြီလို့ The End of Dictatorship ရဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နှာမှာ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

လှိုင်မြို့နယ်၊ ခြောက်မိုင်ခွဲရှိ နိုင်ငံတော်ပိုင်မြေမှာ ၁.၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော်တန်ကြေးရှိတဲ့နေရာကို ကာလတန်ကြေးရဲ့ သုံးပုံတစ်ပုံတန်ဖိုးဖြစ်တဲ့ ဒေါ်လာ (၇) သန်းနဲ့ညီမျှတဲ့ အစုရှယ်ယာ‌တွေကို ရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အစုရှယ်ရှယ် (၇) သောင်းကို ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ (၁၀၀) သတ်မှတ် ထားတာဖြစ်ပါတယ်။

“ ဤရောင်းချမှုအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ စီမံဆောင်ရွက်ခြင်း ဖြစ်ပါသည် " ထုတ်ပြန်ချက်မှာ ရေးသားဖေါ်ပြခဲ့ပါတယ်။

လှိုင် (၆) မိုင်ခွဲ အစုရှယ်ယာတွေကို EOD ရဲ့ ပထမ အစီအစဉ် ဖြစ်တဲ့ “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင်တွေ မတရားသဖြင့် ခိုးထားတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု အိမ်ခြံမြေတွေကို NUG အစိုးရ၊ စီမံကိန်း ၊ဘဏ္ဍာရေးနှင့် ရင်းနှီမြုပ်နှံမှုဝန်ကြီးဌာနက EOD (The End of Dictatorship-အာဏာရှင်စနစ် အဆုံးသတ်) ပရောဂျက်အဖြစ် အများပြည်သူကို ကြိုတင် ရောင်းချပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

တော်လှန်ရေး အောင်မြင်ချိန်မှာ EOD ပရောဂျက်က ရောင်းချ ထားတဲ့ အိမ်ခြံ ပိုင်ဆိုင်မှုတွေကို လေလံတင် ရောင်းချပြီး

ပြည်သူကို ပြန်လည် ခွဲဝေ ပေးအပ်ရမယ့် ငွေတွေ ဖြစ်တယ် လို့ EOD ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

NUG အစိုးရဟာ ငွေတိုက်စာချုပ်တွေ ထုတ်လုပ်ရောင်းချတာကနေ အမေရိကန် ဒေါ်လာ (၃၈) သန်းကျော် ရရှိခဲ့ပြီး အင်းလျားလမ်း ခြံအမှတ် (၁၄) ရောင်းချမှုကနေ ဒေါ်လာ (၁၀) သန်း ရရှိထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အာဏာရှင်အဆုံးသတ်နိဂုံး #TheEndofDictatorship #InyaView@6.5Mile 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ