မန္တလေးမှာ ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦး ဆွဲကြိုးလုခံရ၊ ဆိုင်ကယ်လဲပြီး အပြင်းအထန် ဒဏ်ရာရ၊

မန္တလေးမှာ ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦး ဆွဲကြိုးလုခံရ၊ ဆိုင်ကယ်လဲပြီး အပြင်းအထန် ဒဏ်ရာရ၊

MFP ၊ အောက်တိုဘာ - ၁၈

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၈၈)လမ်းနဲ့ (၁၄)လမ်းထောင့်မှာ ဒီနေ့မွန်းလွဲပိုင်းက ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသမီးနှစ်ဦး ဆွဲကြိုးလုခံရပြီး ဆိုင်ကယ်လဲကျကာ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၈)ရက် နေ့လည်(၁)နာရီဝန်းကျင်အချိန် (၁၄)လမ်းနှ့် (၈၈)လမ်းမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသမီးနှစ်ဦးကို နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လုတာ ဖြစ်ကြောင်းနှင့် ဆွဲကြိုး အလုခံလိုက်ရသလို ဆိုင်ကယ်လဲကျတာကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းမှာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလညည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၆၂)လမ်း၊ (၁၆)လမ်းနှင့် (၁၇)လမ်းကြားမှာ အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး အသတိခံခဲ့ရပါသေးတယ်။

မန္တလေးမြို့မှာ လွန်ခဲ့တဲ့ လတွေအတွင်း ညပိုင်းအချိန်နှင့် လမ်းသွားလမ်းလာ ကျဲပါးတဲ့ မန္တလေးမြို့သစ်ဘက်ခြမ်းတွေမှာသာ လူသတ်၊ လုယက်မှုတွေ အဖြစ်များခဲ့ပေမယ့် လက်ရှိမှာတော့ တမြို့လုံးမှာ လူသတ်၊ လုယက်မှုတွေ အဖြစ်များနေသလို နေ့၊ ညအချိန် မရွေး လုယက်၊ လူသတ်မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ လုယက်မှုတွေအပြင် နေအိမ်စီးနင်း ဓားပြတိုက် အနုကြမ်းစီးတာ၊ လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ စစ်အုပ်စုလို့ ယူဆရတဲ့ လက်နက်ကိုင် ယူနီဖောင်းတွေက ကားတွေ၊ အိမ်တွေကို စစ်ဆေးပြီး ရွှေ၊ငွေ၊ ကျောက်စိမ်း စတဲ့ တန်ဘိုးကြီး ပစ္စည်းတွေ ရှာတွေ့သွားရင် လက်နက်ပြ လုယက်သွားတာတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

မန္တလေးမှာ စစ်အုပ်စုက သူတို့ကို ဆက်ကြေးပေးနေတဲ့ လောင်းကစားသမားတွေ၊ ထောင်ထွက်တွေ၊ မူးယစ်ဆေး ရောင်းဝယ်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအဖြစ် ခန့်အပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဆိုင်ကယ်စီး #ဆွဲကြိုးလု #လုယက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ