မူးကမ်းကြီးရွာ မီးရှို့ခဲ့တဲ့ စစ်အုပ်စု ဒီပဲယင်းနယ်ထဲ ဆက်မွှေ သောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊

မူးကမ်းကြီးရွာ မီးရှို့ခဲ့တဲ့ စစ်အုပ်စု ဒီပဲယင်းနယ်ထဲ ဆက်မွှေ သောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊

MFP ၊ သြဂုတ် - ၁၁

ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာကို လုယက်ဖျက်ဆီး မီးရှို့ခဲ့တဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဒီပဲယင်းနယ်ထဲ ဆက်မွှေ သောင်းကျန်းနေလို့ ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မူးကမ်းကြီးရွာထဲ သုံးရက်ကြာ ဝင်မွှေလုယက် မီးရှို့ကာ ပြန်ထွက်လာတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ဒီနေ့ သြဂုတ်(၁၁)ရက်မှာ နများနှင့် ယဉ်ကျေး ရွာတွေဘက် ဆက်မွှေ သောင်းကျန်းနေလို့ ပြည်သူတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လက်နက်အားကိုးနှင့် ဒီပဲယင်းနယ်ထဲ ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ရွာစဉ်ပတ်မွှေ သောင်းကျန်းရာမှာ တွေ့သမျှ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး တချို့ကို သ-တ်-ဖြတ်ကာ တချို့ကို စစ်ဝတ်စုံ ဝတ်ခိုင်းပြီး ခိုးရာပါ ပစ္စည်းတွေ ထမ်းပိုးခိုင်းကာ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာကြောင့် စစ်အုပ်စု ဝင်မွှေတဲ့ ရွာတွေက ကလေး၊ လူကြီး၊ ဘုန်းကြီးပါမကျန် ရှိသမျှလူကုန် ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီ အကြမ်းဖက်သမား အင်အား (၂၅၀)လောက်ဟာ အဖွဲ့နှစ်ဖွဲ့ ခွဲပြီး ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်းက ရွာတွေထဲ ဝင်မွှေ သောင်းကျန်းနေတာလို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ဆိုပါတယ်။

May be an image of map, sky and text that says "ကျွဲတိုးခြုံ ဆင်ဝပ်ကုန်း ညောင်ပင်လှ ချောင်းမီးတို မင်းဘေး သပြေကုန်း ညောင်ကိုင်း တယ်တော တည်သီးတော အုပ်ဆည် ရုံးတော ညောင်ပုထိုး ရက်ကန် (အရှေ့) (နောက) ကြောင်ရှာတော မအုံး ရေကြည်ဝ ဆူးတပ် မူးကမ်း တိုက် ဖုတ္တန်းတော မိချောင်းအိုင် မူးသစ် လ"

“ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းသို့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း နှစ်ကြောင်း ဝင်ရောက်နေပြီး ပြည်သူထောင်ချီ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ၊ ဒီပဲယင်း - ရေဦးနယ်စပ်တွင်လည်း လေကြောင်း ပစ်ခတ်မှုခံရကာ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ၊ ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာများသို့ ဆက်လက် စစ်ကြောင်းထိုးမည့် အရိပ်အယောင်တွေ့ရသဖြင့် မြေပြင် ဝေဟင် သတိပြုကာ ကြိုတင် ပြင်ဆင်ကြပါရန်” လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သတိပေးထားပါတယ်။

May be an image of map, sky and text that says "နဘ်လှ ကွင် တောင်ကုန်း မြင်း​ေ ဝက်ဖိုံး မြင်းမေါက် ဇ၀ ဇo နွားပေါင် ဗုဒ္ဓပထန်းပင်ကုန်း ချမ်းသာ ရွာသစ် ကုံးသာ ကျောက်စကုန်း သံသည် နှောကုန်း ကုန်းတန်း ကုန်းကြီး ရာမိဿာ ထန်းတော (တောင်) ငြုပ်တုံ ဇီးကုံး တော ကြည်ကုံး မုတ်စီ မူးဆုံ အောင်သာ မစိုးရိမ် ပျော်ဘွယ် ကံများ"

ရွှေဘို၊ ဒီပဲယင်းနယ်တကြော ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်(၁၇)ရက် ကတည်းက ခင်ဦး၊ ရေဦးနှင့် ကန့်ဘလူနယ်တွေထဲ ရဟတ်ယာဉ်တွေနဲ့ ရောက်လာပြီး ကန့်ဘလူနယ် ကျီစုရွာနှင့် ရေဦးနယ် တင်းတိမ်ရံရွာ အပါအဝင် ဒေသတွင်းက စည်ပင်ဖွံဖြိုးတဲ့ ရွာကြီးတွေကို ဝင်မွှေ လုယက် သောင်းကျန်းပြီး ဆယ်ချီတဲ့ ဒေသခံပြည်သူတွေကို သ-တ်-ဖြတ်ခဲ့ပါတယ်။

အဲ့ဒီကတဆင့် စစ်အုပ်စုဟာ ဒီပဲယင်းနယ် အနောက်ခြမ်းကို ဆက်မွှေ သောင်းကျန်းပြီး သြဂုတ်(၄)ရက်မှာ ဒီပဲယင်းနယ် အရှေ့ခြမ်းက ကိုင်းကံရွာထဲ ရဟတ်ယာဉ်တွေနဲ့ ထပ်မံ ရွှေ့ပြောင်းရောက်ရှိလာကာ လက်ရှိအချိန်ထိ ဒီပဲယင်းနယ် အရှေ့ခြမ်းက ရွာတွေထဲ ထင်တိုင်းကျဲ လုယက် သောင်းကျန်း သ-တ်-ဖြတ် နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကနေ ယခု သြဂုတ်လအထိ တစ်နှစ်ကျော်အတွင်း ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာ (၃၀)ကျော် ရှိပြီး ပြည်သူ့နေအိမ် ထောင်ချီ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဒီပဲယင်း ညီနောင်များအဖွဲ့က ဖော်ပြထားပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း သ-တ်-ဖြတ်နေလို့ ထွက်ပြေးနေရတဲ့ ဒီပဲယင်းမြို့နယ်က ဒေသခံပြည်သူတချို့/Photo – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #စစ်ပြေး #ပြည်သူ #အိမ် #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ