စစ်အုပ်စုက (၁၅) ရက်အတွင်း စစ်ကိုင်းတိုင်းက (၃၂) ရွာ ကို မီးရှို့ဖျက်ဆီး၊ ပြည်သူ (၃၅) ဦးကို သ-တ်

စစ်အုပ်စုက (၁၅) ရက်အတွင်း စစ်ကိုင်းတိုင်းက (၃၂) ရွာ ကို မီးရှို့ဖျက်ဆီး၊ ပြည်သူ (၃၅) ဦးကို သ-တ်

MFP ၊ ဩဂုတ် - ၁၆

စစ်အုပ်စုက ဩဂုတ်လ (၁) ရက်နေ့ကနေ ဩဂုတ်လ (၁၅) ရက်အတွင်း စစ်ကိုင်းတိုင်းထဲက ရွာပေါင်း (၃၂) ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

ဒီလလယ်ပိုင်းအထိ စစ်ကိုင်းတိုင်းအတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ့နေအိမ် (၆၉၀)ကျော်ထက်မနည်း ရှိခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာပေါင်း (၂၀) ရဲ့ စာရင်းကိုသာ သိရသေးပြီး ကျန်တဲ့ (၁၂) ရွာ ရဲ့ မီးလောင်ဆုံးရှုံးမှုစာရင်းကို MFP က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

(၁၅) ရက်အတွင်းမှာ စစ်အုပ်စု သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူ (၃၅) ဦး အထိရှိခဲ့ပြီး အမျိုးသား (၂၅) ယောက်၊ အမျိုးသမီး နှစ်ယောက်နဲ့ ကျားမအတည်မပြုနိုင်သူ (၁၀) ယောက် ရှိခဲ့ပါတယ်။

စာရင်းမသိရသေးတဲ့ ရွာ (၁၂) ရွာ ထဲမှာ ဆုံးရှုံးမှုကြီးမားတဲ့ ဒီပဲယင်းနယ်ထဲက မူးကမ်းကြီး-ဆူးတပ် နဲ့ ယင်းမာပင်နယ်ထဲက ရင်ပေါင်တိုင်ရွာ တို့ ပါဝင်နေပါတယ်။

အိမ်ခြေ (၄,၀၀၀) ဝန်းကျင်ရှိတဲ့ မူးကမ်းကြီး-ဆူးတပ်ရွာမှာ အိမ်ခြေ (၅၀၀) ကနေ (၁၀၀၀) ကြား မီးရှို့ဖျကိဆီးခံရပြီး အတိအကျ သိရဖို့ စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များက သတင်းထုတ်ပြန်ထားပါတယ်။

ရင်ပေါင်တိုင်ရွာမှာ စစ်အုပ်စုရဲ့ သ-တ်ဖြ-တ်ခြင်းခံရတဲ့ ရုပ်အလောင်း (၄၀) ကျော် မီးရှို့သဂြိုဟ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဩဂုတ် (၁၅) ရက်စွဲ နဲ့ ထုတ်ပြန်ခဲ့တဲ့ အုပ်ချုပ်ရေးသတင်းစဉ်မှာ ဖေါ်ပြခဲ့ပါတယ်။

MFP အနေဖြင့် တိကျတဲ့ စာရင်း မသိရသေးတဲ့အတွက် မီးရှို့ဖျက်ဆီးစာရင်းနဲ့ သတ်ဖြတ်ခံရတဲ့ စာရင်းတွေမှာ ထည့်သွင်း ဖေါ်ပြခြင်း မပြုခဲ့ပါဘူး။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးရှို့ဖျက်ဆီး #ကျေးရွာမီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ