ငါန်းဇွန်နယ်က စစ်ကောင်စီခန့် အုပ်ကြီး၊ ကြံ့ဖွံ့ ဥက္ကဌဟောင်းကို ပြောက်ကျားတပ်ဖွဲ့တွေက ရှင်းလင်း

ငါန်းဇွန်နယ်က စစ်ကောင်စီခန့် အုပ်ကြီး၊ ကြံ့ဖွံ့ ဥက္ကဌဟောင်းကို ပြောက်ကျားတပ်ဖွဲ့တွေက ရှင်းလင်း

MFP ၊ အောက်တိုဘာ - ၃

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ညောင်ပင်ရိုးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကြံ့ခိုင်ရေးပါတီ ဥက္ကဌဟောင်း လှမြင့်ဆိုသူကို မနေ့က ပြောက်ကျားတပ်ဖွဲ့ လေးဖွဲ့ ပေါင်းပြီး သုတ်သင် ရှင်းလင်းခဲ့တယ်လို့ နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂)ရက် မနက်(၁၀)နာရီကျော်က ငါန်းဇွန်မြို့နယ် ညောင်ပင်ရိုးရွာက စကစ အုပ်ကြီးကို နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့၊ မာန်စွယ်ကျား ပြောက်ကျားတပ်ဖွဲ့၊ မီးနဂါး NZN Revolution Force နှင့် One ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူ့ အကျိုးစီးပွါး ထိခိုက်နှောက်ယှဉ်နေတဲ့ သတင်းပေးတွေကို ဆက်လက် ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

သေဆုံးသူ လှမြင့်ဟာ ဆိုင်ကယ်နဲ့ ရွာကို ပြန်လာစဉ် ရွာအနီးမှာ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ နောက်က လိုက်လာပြီး ပစ္စတိုနဲ့ တစ်ချက် ပစ်ခတ်ခဲ့တဲ့အတွက် နောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နဲ့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။

ငါန်းဇွန် အပါအဝင် မြင်းခြံ၊ တောင်သာနယ်ထဲ စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်ကျဲ ဖမ်းဆီး သတ်-ဖြတ်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုနဲ့ ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #သတင်းပေးရှင်းလင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ