လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲဖို့ အိပ်မက် မင်းအောင်လှိုင် ဆက်မက်နေ၊ နိုင်ငံခြားက စက်သုံးဆီ တင်သွင်းရတာ သက်သာဖို့ မန္တလေးကလူတွေ ဆိုင်ကယ်စီးတာ လျော့ဖို့ ပြော၊

လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲဖို့ အိပ်မက် မင်းအောင်လှိုင် ဆက်မက်နေ၊ နိုင်ငံခြားက စက်သုံးဆီ တင်သွင်းရတာ သက်သာဖို့ မန္တလေးကလူတွေ ဆိုင်ကယ်စီးတာ လျော့ဖို့ ပြော၊

MFP ၊ စက်တင်ဘာ - ၃၀

အာဏာသိမ်းပြီးနောက် မကြာခဏ ပြောလေ့ရှိသလို ပြည်တွင်းမှာ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ ထုတ်လုပ် အသုံးပြု ပြေးဆွဲနိုင်ဖို့ စိတ်ကူးကို မင်းအောင်လှိုင်က လက်မလျှော့သေးဘူးလို့ သူနဲ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မန္တလေးက စီးပွါးရေးသမားတွေက ပြောပါတယ်။

ပြည်သူတွေအတွက် လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေနဲ့ မြေအောက်ရထားတွေ ပြေးဆွဲဖို့ မင်းအောင်လှိုင်က မကြာခဏ ပြောဆိုနေပြီး စက်တင်ဘာ(၂၉)ရက်က မန္တလေးက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာလည်း လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲဖို့ ကြိုးစားနေကြောင်း ထည့်ပြောသွားတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

“ သူပြောသွားတာတွေမှာ ပြည်ပက လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ အတွက် သဘာတူထားပြီး ပြီလို့ ပြောတယ်၊ ပို့ဆောင်ရေးအတွက် လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေကို ဆွဲမယ်လို့ ပြောပြီး ဘယ်မှာ လုပ်မယ် ဆိုတာမျိုးတော့ မပြောဘူး။ နောက်ပြီး မန္တလေးမှာ မီးအပြည့်အဝ ရရှိဖို့ လုပ်ဆောင်နေတယ် ဆိုတာမျိုးတွေလည်း ပြောသွားတယ် “ လို့ အဲဒီ လုပ်ငန်းရှင်က MFP ကို ပြောပါတယ်။

အာဏာသိမ်းပြီးစ မနှစ်က မန္တလေးမြို့ကို လာရောက်ချိန်ကလည်း လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့ လုပ်ဆောင်ရမယ်လို့ မင်းအောင်လှိုင်က ပြောဆိုဖူးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ (သိန်း၂၀၀၀)ဖိုး အသုံးပြုပြီး နိုင်ငံခြားကနေ စက်သုံးဆီ ဝယ်ယူ တင်သွင်းနေရကြောင်းနှင့် အဲ့တာကို လျော့ချနိုင်ဖို့အတွက် လျှပ်စစ်အစားထိုး အသုံးပြုနိုင်တဲ့ စက်ကိရိယာတွေ ပြောင်းလဲ အသုံးပြုကြရမယ်လို့ မင်းအောင်လှိုင်က မန္တလေးမှာ ပြောဆိုခဲ့ကြောင်း စစ်အာဘော် သတင်းစာတွေက ဖော်ပြပါတယ်။

တစ်နိုင်ငံလုံးမှာ မော်တော်ဆိုင်ကယ် အစီးရေ ခြောက်သန်းခန့် ရှိနေပြီး နိုင်ငံခြားကနေ စက်သုံးဆီ တင်သွင်းတာ လျှော့ချနိုင်ဖို့ မန္တလေးက လူတွေအပါအဝင် ဆိုင်ကယ်စီးသူတွေ ဆိုင်ကယ်စီးတာ လျှော့ဖို့လိုပြီး နေ့စဉ် စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်မယ်ဆိုရင် ဆီတင်သွင်းရမှုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောဆို သွားပါတယ်။

ရေအားလျှပ်စစ်နှင့် နျူကလီးယား စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ရရှိဖို့ လုပ်ဆောင်နေသလို နေရောင်ခြည်သုံး စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ရဖို့လည်း စီမံကိန်းတွေ အကောင်အထည် ဖော်နေတယ်လို့ မင်းအောင်လှိုင်က သူ့ကို ဂါရဝပြု လာတွေ့တဲ့ မန္တလေးက စီးပွားရေးသမားတွေကို ပြောဆိုသွားတယ်လို့ သတင်း ရရှီပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လျှပ်စစ်ရထား #လျှပ်စစ်ကား #MAL

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ